သံမဏိစက်ရုံအောက် ဥမင်အတွင်းမှ ထွက်သည့် ယူကရိန်းတိုက်ခိုက်ရေးသမား ၉၀၀ ကျော်ရှိပြီဟု ရုရှားပြော

ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့က အာဇော့ဗ်စတယ် သံမဏိစက်ရုံအောက် ဥမင်တွေ ကတုတ်ကျင်းတွေထဲကနေ ထွက်လာတဲ့ ဒဏ်ရာရသူ အယောက် ၈၀ အပါအဝင် ယူကရိန်း တိုက်ခိုက်ရေးသမား စုစုပေါင်း ၉၅၉ ယောက် ရှိပြီလို့ ရုရှားအစိုးရက ပြောပါတယ်။

ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း အာဇော့ဗ်တပ်ခွဲက တပ်ဖွဲ့ဝင်တွေ အပါအဝင် ယူကရိန်း တိုက်ခိုက်ရေးသမား ၆၉၄ ယောက်ရှိပြီး သူတို့ထဲက ၂၉ ယောက်က ဒဏ်ရာရထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ခိုက်ရေးသမား ၅၁ ယောက်က ဆေးကုခံဖို့ လိုအပ်ပြီး မာရီယူပိုးမြို့ အရှေ့ဘက် ၂၅ မိုင်အကွာ နိုဗိုအာဇော့စ်ခ်မြို့က ဆေးရုံဆီ လွှဲပေးပြီးပြီလို့ ဝန်ကြီးဌာနက ဆက်ပြောပါတယ်။

သံမဏိစက်ရုံထဲမှာ ထိပ်တန်း ယူကရိန်းတပ်မှူးတွေ ကျန်နေဆဲဖြစ်ပြီး အရှုံးမပေးကြသေးဘူးလို့ ဒေသခံ မီဒီယာက ရုရှားလိုလားတဲ့ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ် ပုရှီလင်ကို ကိုးကားပြီး သတင်းထုတ်ပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ ရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

//
More News
Up