NUG ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်၏ နွားထိုးကြီးမြို့ကနေအိမ် မီးရှို့ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က မနေ့ည ၁၂ နာရီကျော်လောက် ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ည ၁၂ နာရီ ခွဲလောက်က လာရှို့တာ။ ပန်းတိမ်ဖိုအိမ်တလုံးရယ်၊ နောက်ဖေးအိမ်က မီးဖိုဆောင်တိုက် အသေးလေးတလုံးရယ် လောင်သွားတယ်။ မီးက သူ့ဘာသူငြိမ်းသွားတာ။ မီးသတ်ကားလည်းမလာဘူး။ ပတ်ဝန်းကျင်ကလည်း ကြောက်လို့မလှုပ်ရဲကြဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။  

ပတ်ဝန်းကျင်အိမ်တွေက တိုက်အိမ်တွေ ဖြစ်တာကြောင့် မီးဆက်မကူးနိုင်ဘဲ ငြိမ်းသွားရတာလို့လည်း ဆိုပါတယ်။

“မီးရှို့မယ်။ မီးရှို့မယ်နဲ့ သတင်းထွက်နေတာက ကြာပြီ။ အိမ်နီးနားချင်း တချို့ဆို ခုရက်ပိုင်း မီးရှို့မယ်ကြားလို့ ‌ရှောင်နေကြတာ” လို့လည်း ဒေသခံက ပြောပါတယ်။

မီးမရှို့မီ မေလ ၁၆ ရက်နေ့က စစ်ကောင်စီအဖွဲ့ဟာ ဦးနိုင်ထူးအောင် နေအိမ်ဝန်းကျင်က အိမ်တချို့ကို ဦနိုင်ထူးအောင်ရဲ့နေအိမ်ကို မီးရှို့မယ်လို့ အကြောင်းကြားကာ ပစ္စည်းတွေကို ရွှေ့ခိုင်းထားတယ်လို့လည်း သိရပါတယ်။ 

မေလ ၁၈ ရက်နေ့ ည ၁၂ နာရီကျော်အချိန်မှာတော့ မြင်းခြံ​လမ်းဘက်က လိုက်ထရက်ကားတစီးနဲ့ လူ ၁၅ ယောက်လောက်ပါတဲ့အဖွဲ့ ဝင်ရောက်လာပြီး မီးရှို့သွားတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ 

အိမ်ထဲကိုတော့ လူ ၂ ယောက် ဝင်ရောက်ခဲ့ပြီး တိုက်အိမ်နောက်က မီးလောင်နိုင်တဲ့ အဆောက်အဦကို ရွေးရှို့သွားပြီး‌နောက်မှာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က မကြာခဏဆိုသလို နေအိမ်အနီး လက်ပစ်ဗုံးလာချတာ၊ ဓာတ်ဆီလာဖျန်းတာတွေ ပြုလုပ်ခဲ့တာကို CCTV မှတ်တမ်းတွေကတဆင့် ပြန်လည်တွေ့ရတာကြောင့် ယခင်ကတည်းက ဦးနိုင်ထူးအောင်ရဲ့မိသားစုဟာ နေအိမ်မှာမနေဘဲ တိမ်းရှောင်နေခဲ့တာ ကြာပြီလို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဦးနိုင်ထူးအောင်ရဲ့ နေအိမ်ဟာ နွားထိုးကြီးမြို့လယ် မြို့မရဲစခန်းအနီးမှာ ရှိတယ်လို့ သိရပါတယ်။

//
More News
Up