မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း မြို့မရပ်ကွက်က ကျန်းမာရေးဝန်ထမ်းအိမ်ရာကို မေ ၁၇ ရက် နေ့ခင်းပိုင်းက စစ်ကောင်စီတပ်တွေ သော့ဖျက် ဝင်ရောက်ရှာဖွေခဲ့ပြီး လူငယ်တဦးကို ရိုက်နှက်ထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“အဲဒီလိုင်းခန်းက CDM ဝင်ထားတဲ့ ဝန်ထမ်းတွေ များတယ်၊ တချို့တွေက PDF ဆေးတပ်ထဲ ဝင်ကုန်ကြတာများတယ်၊ ရှောင်ပုန်းနေရတာက နောက်ကြောင်းမလုံ စိတ်မချလို့တဲ့၊ ပိတ်ထားတဲ့ အခန်းမှန်သမျှ သော့တွေဖျက်ပြီး ဝင်ရှာတာ” လို့ မြင်တွေ့သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက အိမ်စီးကား ၇ စီး၊ အရပ်ဝတ်တွေနဲ့ သေနတ်တွေလွယ်ကာ သော့ခတ်ထားတဲ့ ဝန်ထမ်းအိမ်တွေကို ရိုက်ဖျက် ရှာဖွေနေတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့သူက “တွေ့ခဲ့တာတော့ ဝင်ပေါက်မှာ လူငယ်တယောက်ကို ပေါင်ကြားကို ကန်ခံထားရလား မသိဘူး၊ လက်နဲ့အုပ်ပြီး မျက်နှာရှုံ့မဲ့ပြီး အော်နေတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူ မရှိဘူးလို့ သိရပြီး ဝန်ထမ်းတွေက သူတို့ပစ္စည်းတွေကို အကုန်သိမ်းထားတဲ့အတွက် မရှိတော့ဘဲ အခန်းတွေကို အလွတ်ကြီးပဲ သော့ခတ်ထားတယ်လို့ သိရပါတယ်။