DVB Logo
Home
မြန်မာသတင်း
တယ်လီနော-မြန်မာလုပ်ငန်းကို စစ်တပ်နှင့်ဆက်နွှယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီထံ အပြီးသတ်ရောင်းချ
DVB
·
May 18, 2022
တယ်လီနော-မြန်မာလုပ်ငန်းကို စစ်တပ်နှင့်ဆက်နွှယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီထံ အပြီးသတ်ရောင်းချ
Donate to DVB

နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုက  သူ့ရဲ့ တယ်လီနော-မြန်မာ ရှယ်ယာတွေကို ရောင်းချခဲ့ရာမှာ တရားဝင် ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာပါ ပါရှိတဲ့အတွက် မြန်မာစစ်တပ်ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေဖြစ်စေနိုင်တယ်လို့ Justice for Myanmar က ထောက်ပြ ဝေဖန် လိုက်ပါတယ်။

လက်ဘနွန်အခြေစိုက် M1 Group က တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုကြီးထံကနေ ဝယ်ယူထားတဲ့ တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံ ပြီးခဲ့တဲ့ရက်ပိုင်းက အပြီးသတ် လွှဲပြောင်းရောင်းချခဲ့တာပါ။

ရောင်းချရာမှာ အစိတ်အပိုင်းတခုအနေနဲ့ ဂျာမနီနိုင်ငံထုတ် Utimaco ဆိုတဲ့ တရားဝင်ကြားဖြတ်ဖမ်းယူရေးမှာ အသုံးပြုတဲ့ ပင်မထွက်ပေါက် LIG ကို M1 Group က ရွှေဗျိုင်းဖြူလုပ်ငန်းစုထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါကလည်း တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းစုက သူ့ပိုင် တယ်လီနောမြန်မာဆက်သွယ်ရေးလုပ်ငန်းခွဲကို ရောင်းချရာမှာ အဆိုပါနည်းပညာကို M1 Group ထံ တပါတည်းပေးအပ်ခဲ့တာလို့ဆိုပါတယ်။

ဒါကြောင့် အခုဆိုရင် မြန်မာစစ်ကောင်စီက LIG နည်းပညာကို အသုံးပြုပြီး တယ်လီနောမြန်မာ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ အသုံးပြုသူတွေရဲ့ ဖုန်းခေါ်ဆိုမှု အပါအဝင် SMS စာတိုပေးပို့မှုကိုပါ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်စွမ်း ရရှိသွားပြီလို့ Justice for Myanmar အဖွဲ့က ဆိုပါတယ် ။

ဒါကြောင့် ဒီရောင်းချမှုက တယ်လီနောသုံးစွဲသူ ပြည်သူ ၁၈ သန်းကျော်တို့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းအချက်အလက်တွေ အားလုံးကို စစ်ကောင်စီထံ ဖော်ထုတ်ပေးအပ်လိုက်သလိုဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းနဲ့ တည်နေရာရှာဖွေဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ဖို့ အသုံးချနိုင်တော့မှာ ဖြစ်တာကြောင့် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုနဲ့ နော်ဝေအစိုးရတို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်သူတွေအဖြစ်  သက်ရောက်စေနိုင်တယ်လို့ Justice for Myanmar ကထောက်ပြပြောဆိုလိုက်တာပါ။

ဒါ့အပြင် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုအနေနဲ့ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူတွေနဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေအတွက် OECD လမ်းညွှန်ချက်အရ နောက်ဆုံးဝယ်ယူသူဖြစ်တဲ့ ရွှေဗျိုင်းဖြူလုပ်ငန်းစုအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကြိုတင် ကနဦး စိစစ်မှုတွေ လုပ်ဆောင်ဖို့ တာဝန် ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

တယ်လီနောအုပ်စုရဲ့ ဆက်ဆံရေးဌာနအကြီးအကဲ Gry Rohde Nordhus  ကတော့ တယ်လီနောမြန်မာကုမ္ပဏီကိုရောင်းချရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အော်ပရေတာအားလုံးမှာ တပ်ဆင်ဖို့လိုအပ်တဲ့ ကြားဖြတ်ကိရိယာတွေ မတပ်ဆင်လိုတာကြောင့် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောထားပါတယ်။ 

ဒီလိုကြားကိရိယာတွေကို တပ်ဆင်တာဟာ နော်ဝေနိုင်ငံနဲ့ အီးယူတို့ရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်နေတာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်တဲ့ စစ်တပ်ရဲ့အမိန့်ကို အတင်းအကျပ် လိုက်နာတာမျိုးမဖြစ်စေဖို့ဖြစ်တယ်လို့  ပြောပါတယ်။

လက်ရှိမှာတော့ တယ်လီနောမြန်မာအနေနဲ့ အဆိုပါကြားဖြတ်စက်ကိရိယာတွေကို မတပ်ဆင်ရသေးသလို မိမိဆန္ဒအလျောက်လည်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက  ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရွှေဗျိုင်းဖြူလုပ်ငန်းစုက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီးတဲ့နောက် တယ်လီနောမိုဘိုင်းဆက်သွယ်ရေး ဆင်းကတ်တွေကို ခေါ်ဆိုမှုပိတ်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာတွေ ရှိခဲ့ပါတယ်။

တယ်လီနောသုံးစွဲသူ  လူငယ်တဦးက “တယ်လီနောဆီက မက်ဆေ့ချ်တွေ ဝင်လာတယ်။ မှတ်ပုံတင်ထားတဲ့ ID မှားယွင်းနေတယ်ဆိုပြီး အသိပေးစာတွေ ဝင်လာတယ်။ ဆင်းကတ်ကို မှတ်ပုံပြန်တင်ပါပေါ့။ တကယ်လို့ မှတ်ပုံပြန်မတင်ရင် ခေါ်ဆိုမှုတွေ ပိတ်မယ်ဆိုပြီး ပို့လာတယ်။ အမှန်က ဆင်းကတ်က မှတ်ပုံတင်ပြီးသားပါ။ အမည်ပေါက်နဲ့ လုပ်ထားတာ။ ဒါကို ဘာကိစ္စနဲ့ မှားယွင်းနေတယ် ဆိုပြီး လာပို့နေတာလဲ မသိဘူး။ ကျနော်လည်း မလုပ်နိုင်လို့။ ဒီအတိုင်းထားလိုက်တယ်။ ပိတ်ချင်လည်း ပိတ်ဆိုပြီး မသုံးတော့ဘူး။ ဆင်းကတ်ထုတ်ထားလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Telenor Group နဲ့ နော်ဝေအစိုးရတို့အနေနဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြဋ္ဌာန်းချက်တွေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်တွေကို သိလျက်နဲ့ တမင်သက်သက် လျစ်လျူရှုပြီး ရွှေဗျိုင်းဖြူကုမ္ပဏီလက်ထဲ Telenor Myanmar ကို အပြီးသတ်ရောင်းချလိုက်တာက ပြစ်တင်ရှုတ်ချစရာပါ။ အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်ရေးနည်းပညာကို သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ လက်နက်အဖြစ် အသုံးချနေတာဖြစ်ပြီး အခုအခါမှာ Telenor Myanmar ကလည်း သူတို့ရဲ့ စစ်လက်နက်တွေထဲက လက်နက်တခုဖြစ် သွားပါပြီ။ Telenor က တရားဝင်ကြားဖြတ်ဖမ်းယူနိုင်တဲ့နည်းပညာကို M1 Group လက်ထဲလွှဲပြောင်းတာ၊ M1 Group ကနေ ရွှေဗျိုင်းဖြူလက်ထဲ လွှဲပြောင်းတာတွေဟာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးဖို့နဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ယူမှု နဲ့ တာဝန်ခံမှု ရှိအောင် ယူကေ၊ နော်ဝေနဲ့ ဆိုက်ပရပ်နိုင်ငံတို့က လုပ်ဆောင်ကြဖို့ ကျမတို့ တောင်းဆိုပါတယ်။လို့ ပြောပါတယ်။ 

အခုလွှဲပြောင်းမှုတွေက စင်္ကာပူနိုင်ငံကို အသုံးချပြီး ဆောင်ရွက် နေသေးတယ်ဆိုတဲ့ အချက်က မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ မိတ်ဖက်တွေက စင်္ကာပူရဲ့ ငွေကြေးစနစ်ကို ဘယ်လို အမြတ်ထုတ် နေကြတယ်ဆိုတာကို ပြသနေပြီး မြန်မာစစ်တပ်ကို ငွေကြေးနဲ့ စစ်လက်နက်ထောက်ပံ့ဖို့ သူတို့ရဲ့ ပိုင်နက်ကို အသုံးပြုနေတာကို အဆုံးသတ်ဖို့ စင်္ကာပူအနေနဲ့ လက်တွေ့ကျကျ ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်တွေ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့လည်း ပြောပါပါတယ်။

ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဝင်းဇော်က တယ်လီနောမြန်မာ လီမိတက်ဘုတ်အဖွဲ့မှာ ဥက္ကဋ္ဌ ရာထူးယူထားပြီး သူ့ရဲ့သားဖြစ်သူ ဝင်းပိုင်ကျော်က ဒုတိယ အမှုဆောင်အရာရှိချုပ် ရာထူးယူထားပါတယ်။ ဒီ့အပြင် ဦးသိန်းဝင်းဇော်ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းကို လည်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013