ကိုဗစ်-၁၉ ကူးစက်မှုအပေါ် တုံ့ပြန်မှု မလုံလောက်ဟု မြောက်ကိုရီးယားခေါင်းဆောင် ပြစ်တင်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သူ့နိုင်ငံအတွင်း ပထမဆုံး တရားဝင် အတည်ပြုတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုဟာ ကပ်ဘေးကို တုံ့ပြန်ပုံ မပြည့်စုံ မရင့်ကျက်လို့ ဖြစ်ရတာလို့ ပြစ်တင်ရှုတ်ချလိုက်ကြောင်း မြောက်ကိုရီးယားအစိုးရ မီဒီယာက မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံအနှံ့ အဖျားရောဂါ ကူးစက်နေပေမဲ့ တုံ့ပြန်ပုံ မလုံလောက်ဘဲ ပြတ်တောက်နေတယ်လို့လည်း ကင်မ်က အရာရှိတွေကို စွပ်စွဲလိုက်ပါတယ်။

လက်ရှိအာဏာရ လုပ်သားပါတီရဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးကို သဘာပတိအဖြစ် ကြီးကြပ်ချိန် မေ ၁၇ ရက်မှာ ကင်မ်က ခုလို ပြောလိုက်တာပါ။

အကျပ်အတည်းကို ကိုင်တွယ်ဖို့ အစိုးရမှာ စွမ်းရည်မပြည့်စုံလို့ အချိန်က အသက်ဖြစ်နေတဲ့ ကပ်ဘေးကို တိုက်ဖျက်ရာမှာ အရှုပ်အထွေး အခက်အခဲတွေ တိုးပွားလာတယ်လို့ ကင်မ်က ပြောတဲ့အကြောင်း KRT သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

ကပ်ဘေးတိုက်ဖျက်ရေး လုပ်ငန်းတွေကို ကူညီဖို့ စစ်သည်အများအပြား ရင်ပြင်တခုမှာ စုဝေးနေပုံ ရုပ်သံကိုလည်း အစိုးရရုပ်သံက ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ အရင်အပတ်က ကိုဗစ်-၁၉ ကပ်ဘေး ကူးစက်နေပြီလို့ ကြေညာအပြီး နောက်ထပ် လူ ၂၃၃,၀၀၀ နီးပါး အဖျားရောဂါ ခံစားနေရတယ်၊ လူ ၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံအဖြစ် လူဘယ်လောက်ကို စမ်းသပ် တွေ့ရှိထားတယ်လို့တော့ မပြောခဲ့ပါဘူး။

ကိုဗစ်-၁၉ ကပ်ဘေး ကူးစက်နေတယ်လို့ ပထမဆုံး အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ မေ ၁၇ ရက် ညနေပိုင်းထိ မြောက်ကိုရီးယားမှာ လူ ၁ ဒသမ ၇၂ သန်း အဖျားရောဂါ ခံစားနေရပြီး လူ ၆၂ ယောက် သေဆုံးခဲ့ပြီးပြီလို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။

//
More News
Up