Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး “အညာမြေအတွက်သိန်းတစ်ထောင်” ပရောဂျက် အားလုံးပါဝင်လှူဒါန်းနိုင်
DVB
·
May 17, 2022

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရရာလက်နက်ကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ အညာမြေက သူရဲကောင်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် အချိန် ၁၀ ရက်၊ သိန်းတစ်ထောင်ကမ်ပိန်းကို စတင်နေပြီး အားလုံးပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

“အညာမြေမှာ ရွာဦးထိပ် ဘုန်းတော်ကြီးကျောင်းကနေ တရွာလုံးက အိမ်ကြီးရခိုင်တွေ တဲငယ်လေးတွေကအစ မြင်မြင်သမျှ ရွာလုံးကျွတ် မီးတင်ရှို့ခံရတာ… နံရိုးပြိုင်းပြိုင်းနဲ့ နွားပိန်လေးတွေ လှည်းတပ်၊ အိမ်က ရှိစုမဲ့စုလေးတွေ ထုပ်ပိုး၊ လယ်ကန်သင်းရိုးမယ် အမျိုးသမီးလေးတွေ လှည်းမောင်းပြီး မိသားစုတွေ လွတ်ရာပြေးကြရတာ… အမယ်အိုကြီးတွေ၊ ကလေးငယ်လေးတွေ၊ စိုက်ပျိုးသူမဲ့ ခြောက်ခမ်းယာမြေတွေ… အညာဟာ ဘဝနဲ့ ရင်းနေကြရတာ မျက်မြင်ပါပဲ ”လို့ ဒီပရောဂျက်စီစဉ်သူတွေက ဆိုပါတယ်။

ဒီပရောဂျက်ကိုတော့ People Of Evolving Myanmar အဖွဲ့က ဦးဆောင်တာဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ Payment Gateway တွေကတဆင့် လာမယ့် မေ ၂၆ ရက်အထိ ဆက်သွယ်လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။

“အညာအတွက် ရင်နာရတိုင်း၊ မြေပြင် ဆင်းပြီး ကိုယ်တိုင် မကာကွယ်ပေးနိုင်တိုင်းမှာ လုပ်နိုင်တာဟာ ထောက်ပို့တာပါပဲ… ကျေးဇူးပြုပြီး ဒီကမ်ပိန်းကို ကူရှယ်ပေးပါ၊ လှူပေးပါနော်… အသက်ကို ရင်းနေကြသူတွေအတွက် နိုင်သမျှ အဝေးက ကူကြရအောင်ပါ… တစ်နေ့ကို သိန်းတစ်ရာရမှကို ဆယ်ရက်အတွင်း ရည်မှန်းငွေ ပြည့်မှာမို့ ကျေးဇူးပြုပြီး လှူပေးကြပါဦး”

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024