ရေဦးမြိုနယ် သံသည်တံတားအနီးမှာ မေ ၁၇ ရက် မနက် ၁၀နာရီကျော်လောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ခင်းက ဖြစ်နေတာ။ လက်နက်သံတွေကတော့အစုံ အသံတွေ ကြားနေရတယ်။ ဘယ်သူတွေဘက်က ဘယ်လောက်ကျမယ်လို့တော့ အတိအကျမပြောနိုင်ဘူး။ ကိုယ်တွေတောင် ဘေးလွတ်ရာကို ရှောင်နေကြရတယ်” လို့ တိုက်ပွဲဖြစ်ပွားရာအနီး နေထိုင်သူတဦးက ပြောပါတယ်။
ရေဦးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့၊ ပကဖ၊ PDF၊ ပလဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရေဦးဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“မနက်က တိုက်ပွဲဖြစ်ပွားခဲ့တာ ဟုတ်တယ်။ အဲဒီတံတားက သူတို့စစ်ကောင်စီကားတွေ ဖြတ်သန်းလို့ မရလို့ အခုလို ဒီဘက်တက်လာပြီ နယ်မြေရှင်းလင်းရေး လာလုပ်တာ။ အဲဒါကို သိလို့ လက်ဦးမှုယူပြီး ၁၀ မိနစ်လောက် မျက်နှာချင်းဆိုင်တိုက်ပွဲ ဖြစ်ခဲ့တယ်။ သူတို့ဘက်က အကျအဆုံးကတော့ ရှိလိမ့်မယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အခု စုံစမ်းနေဆဲပဲ။ ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။”
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆၀-မမ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။