ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့နှင့် ပူးပေါင်းသည့်အပေါ် ရုရှားစိန့်ပီတာစဘတ်မြို့သားများ ဝေဖန်

ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတွေက နေတိုးစစ်ရေးမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာဟာ သူတို့အတွက်ရော ကျနော်တို့အတွက်ပါ  ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်တာပဲလို့  ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့ခံတွေက ပြောပါတယ်။

ဖင်လန်နိုင်ငံနဲ့  ဆွီဒင်နိုင်ငံတွေက နေတိုးစစ်ရေးမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချကြောင်း ကြေညာလိုက်တာနဲ့ ပတ်သက်လို့ စိန့်ပီတာစဘတ်မြို့ခံတွေက စိုးရိမ်ဝမ်းနည်းကြောင်း တုံ့ပြန် ပြောလိုက်ကြတာဖြစ်ပါတယ်။

စိန့်ပီတာစဘတ်ဒေသခံ နာတာလီယာဗိုစထရီကိုဗာက “စိန့်ပီတာစဘတ်နဲ့ လီနင်ဂရက်ဒေသတွေဟာ နေတိုးရဲ့ အခြေစိုက်စခန်းတွေနဲ့ အလွန်နီးကပ်နေတာ ကြောက်စရာကောင်းတယ်”လို့ပြောပါတယ်။

တခြားဒေသခံတွေကတော့ ရုရှားနဲ့ ဖင်လန်နိုင်ငံအကြား ရင်းနှီးတဲ့ ဆက်ဆံရေး အဆုံးသတ်သွားတဲ့အတွက် ဝမ်းနည်းကြောင်း ပြောပါတယ်။

စိန့်ပီတာစဘတ် မြို့ခံ လာရီဆာက “ကျမတို့ ရုရှားပြည်သူအားလုံးက ဆွီဒင်နဲ့ ဖင်လန်နိုင်ငံသားတွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ ခု အခြေအနေမှာ တကယ့်ကိုပဲ ကျမတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တချို့ ခြေလှမ်းတွေကို လှမ်းထားဖို့ လိုတယ်။ သူတို့ ဒါကို နားမလည်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ကျမတို့က ကောင်းကောင်း နားလည်တယ်။ ဒါဟာ သူတို့အတွက်ရော ကျမတို့ အတွက်ပါ သတ်သေ လိုက်တာပဲ”ပြောပါတယ်။

ဒီလုပ်ရပ်ဟာ စစ်ရေးတင်းမာမှုကို ထိခိုက်စေမယ့် အမှားတခုဖြစ်တယ်လို့  ရုရှားအစိုးရကလည်း မေလ ၁၆ ရက်မှာ ပြောထားပါတယ်။ 

၁၉၉၉ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံရဲ့ အရေးပါဆုံးခေါင်းဆောင် ဗလာဒီမာပူတင်ကတော့ သူ့ရဲ့ "အထူးစစ်ရေးလေ့ကျင့်မှု" အနေနဲ့ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက် စတင် ကျူးကျော်ရတဲ့ အကြောင်းရင်းဟာ နေတိုးမဟာမိတ်အဖွဲ့က နယ်မြေကို အရှေ့ဘက်ဆီ တိုးချဲ့လာမှုဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ပဋိပက္ခဟာ ဆယ်စုနှစ်ချီ ကာလအတွင်း ဥရောပလုံခြုံရေး အခင်းအကျင်းကို အကြီးဆုံး အပြောင်းအလဲတွေထဲက တခုအဖြစ် ပြောင်းလဲ စေခဲ့တာပါ။ 

စိန့်ပီတာစဘတ်ဒေသခံ အလက်ဇန်ဒါးကတော့ “ပုံမှန်လူတွေအတွက် အပြောင်းအလဲက နည်းနည်းပဲ ရှိမယ်လို့ ထင်ပါတယ်”လို့ပြောပါတယ်။

ရုရှားနဲ့ နယ်နိမိတ် မိုင် ၈၀၀ ကျော် ထိစပ်နေတဲ့ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတွေက မထင်မှတ်ဘဲ နေတိုး အဖွဲ့ကိုဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

တကယ်လို့ ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးနဲ့ ပူးပေါင်းရင် အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်လို့ ရုရှားအစိုးရက ထပ်ခါတလဲ သတိပေးထားပါတယ်။ 

တကယ်လို့ ပူးပေါင်းခဲ့ရင် ရုရှားဟာ ဘောလ်တစ်ပင်လယ်ထဲက ကြည်း၊ ရေ၊ လေ တပ်တွေကို အားဖြည့်ရမှာဖြစ်ပြီး ဒေသတွင်းမှာ နျူကလီးယားလက်နက်တွေ တပ်ချထားဖို့ ဖြစ်နိုင်ချေ ပိုမြင့်လာမယ်လို့လည်း  ရုရှား အစိုးရက ပြောပါတယ်။ 

//
More News
Up