
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု နဲ့ တရားစွဲခံရတာပါ။
အဲဒီအမှုအတွက် ဒီကနေ့ မေလ ၁၆ ရက်က ကျိုက်မရောဗဟိုအကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ အဂတိအမှု အမှတ်စဉ် ၁ ကနေ ၆ ထိအတွက် တမှုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု အမှတ်စဉ် ၇ ကနေ ၉ ထိအတွက် တမှုကို ထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၉ နှစ် ၊ စုစုပေါင်း ၂၁ နှစ် အမိန့်ချမှတ်လိုက်တာပါ။
စစ်ကောင်စီက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က အယူခံတက်ဖို့ ဆန္ဒ မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုအားလုံးအတွက် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ထွက်ဆိုထားသလို အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး သက်သေပြနိုင်တာမရှိဘဲ စစ်ကောင်စီက အခုလို ထောင်ဒဏ်ချခဲ့တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပြီး၊ အခုချမှတ်လိုက်တဲ့ ထောင်ဒဏ် ၂၁ နှစ်နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော် သြဇာသုံးမှု အမှု ၃ မှုနဲ့ တရားရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။