မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်စု ကလိပ်တုတ်ကျေးရွာဘက်မှာ စစ်ကောင်စီ တပ်နဲ့ KNLA အထူးကွန်မန်ဒို တပ်ဖွဲ့တွေ မေ ၁၅ ရက်နေ့မွန်းလွဲ ၂ နာရီကျော်လောက်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားရာမှာ စစ်တပ်က ၃ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရေး PDF မြောက်ပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ကလိတ်တုတ်ရွာမှာ EAO က ပြုလုပ်တဲ့ လူငယ်သင်တန်း သတင်းရလို့ဆိုပြီး စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကလိတ်တုတ်ရွာအပြင် ပေ့ကူးတံတားအနီးမှာ KNLA ကအဆင့်သင့်နေရာယူစောင့်ဆိုင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး KNLA ဘက်က ထိခိုက်ကျဆုံး မရှိဘူးလို့ ဆိုပါတယ်။ အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးတာတွေကို သတင်းထုတ် ပြန်ပြောဆိုတာတွေ မရှိသေးပါဘူး။
ရေးမြောက်ပိုင်း ကရင်ရွာတွေ အတော်များများမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ ထွက်ပြေးရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မွန်ပြည်နယ် ရေး မော်လမြိုင်သွားကားလမ်းဘေး မော့ကနင်ကျေးရွာအနီး အခြေစိုက်တဲ့ စစ်ကောင်စီ ၁၀၆ တပ်ရင်းနဲ့ ၅၈၈ တပ်ရင်းတွေက တိုက်ပွဲမဖြစ်ဘဲ ညဘက်တွေမှာ ခြောက်လှန့်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မေ ၁၄ ရက် ည ၈ ခွဲဝန်းကျင်မှာ သေနတ်သံ အချက်ပေါင်းများစွာ ပစ်ခတ်နေတာကြောင့် ညဘက်ဆို လုံခြုံမှုမရှိသလို ခံစားရတယ်လို့ အနီးနားနေ ဒေသခံတဦးက ပြောပါတယ်။
ရေး PDF မြောက်ပိုင်း တာဝန်ရှိသူတဦးက “ညဘက် တပ်ဘက်က အချက် ၃၀ ဆိုတာ လက်နက်ကြီး အသံပါ၊ လက်နက်ငယ် အသံက ရာချီ ပါပစ်တာတော့ ဟုတ်တယ်။ PDF တွေနဲ့ ပစ်ခတ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ညဘက်တွေဆို တပ်က လုံခြုံရေးကင်းပုန်းဝပ်လေ့ရှိပြီး ခြောက်လှန့်တာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ PDF တွေရဲ့ ချောင်းမြောင်း ပစ်ခတ်တာခံရလေ့ရှိတော့ အခုလို အသင့်အနေအထား နေရာယူပြီး တပ်စခန်းအနီး ဝန်းကျင်တွေကို မကြာခဏ ခြောက်လှန့်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။
ရေး - မော်လမြိုင်ကားလမ်းကနေ ရေးဘက်ကို အင်အားဖြည့်လာတဲ့ စစ်ယာဉ်တန်းတွေဟာ ရေးမြို့နယ်အဝင် ကားလမ်းတွေမှာ မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိသလို ကားလမ်းဘေးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေလည်း တိုက်ခိုက်ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။