မင်းတပ်မှကျောက်ထုကို လာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ချင်းပြည်နယ် မင်းတပ်မြို့ဘက်ကနေ မကွေးတိုင်း ကျောက်ထုမြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မေ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဘ်လို့ PDF-ကျောက်ထုက ပြောပါတယ်။

မင်းတပ်မြို့ကနေ ကျောက်ထုမြို့ဘက်ကို စစ်ကောင်စီတပ်သား ၃၀ လောက်ပါတဲ့ ရှေ့ပြေး ကား  ၄ စီးဟာ မိုင်းကွင်းထဲကို ဝင်လာလို့ ပဒေသားမိုင်း ၁၀ လုံး၊ ကားမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ PDF-ကျောက်ထု (YTPA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဟိန်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာသယ်တဲ့ ​စစ်‌ (-) ကားတစီးနဲ့ စစ်သားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစီးကိုလည်း ညနေ ၅ နာရီလောက်မှာ ပဒေသာမိုင်း ၁၆ လုံး၊ ကားမိုင်း ၆ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ ကားနဲ့ဆိုင်ကယ်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဟိန်းက “စစ်(-)တွေနဲ့ နှစ်ဘက်တိုက်ပွဲဖြစ်တဲ့အချိန်မှာ လျှပ်တပြက် မိုးတွေရွာ၊ လေတွေတိုက်တာကြောင့် မှန်းထားသလောက် ခရီးမပေါက်ပေမယ့် ထိခိုက်သေဆုံးသူတော့ များနိုင်တယ်ဗျ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျတော့ မသိရဘူး။ ဒါပေမယ့် အတွင်းသတင်းအရ များတယ်လို့တော့ ကြားထားတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူတွေကို မင်းတပ်မြို့ဘက်ကို ပြန်သယ်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို PDF-ကျောက်ထု၊The Youth Force (ဆော၊ကျောက်ထု)၊ ညောင်ရမ်းPDFနဲ့ CDF-မင်းတပ်(ပျံလွှားတပ်ရင်း)တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“နှစ်ဘက်တိုက်ပွဲ အတွင်းမှာတော့ ကျနော်တို့ ညီနောင်မဟာမိတ်တွေဘက်က အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်ဗျ။ NUG ကလည်း လက်နက်ခဲယမ်းထောက်ပံ့ထားတာ မရှိတဲ့အတွက် လက်လုပ်သေနတ်တွေနဲ့သာ အဓိကထားတိုက်ပွဲဝင်နေရလို့ စမ်းသပ်ရင်းနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေလည်းများတယ်ဗျ။ အဓိက လိုအပ်ချက်ကတော့ လက်နက်ပါ” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ ယာဥ်တန်း စစ်ကြောင်းထိုးလာပြီလို့ သတင်းကြားတာနဲ့ မင်းတပ်-ကျောက်ထုလမ်းပိုင်းနဲ့ ကျောက်ထု-ပခုက္ကူလမ်းပိုင်း လမ်းဘေးဝဲယာတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ကျောက်ထု အမြှောက်တပ်နဲ့ ရဲစခန်းကိုလည်း မေလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲကနေ ၁ နာရီခွဲလောက်အထိ ကျောက်ထု PDF က ၆၀ မမလက်နက်ကြီးနဲ့ အမြှောက်တပ်ကို အချက် ၂၀၊ ရဲစခန်းကို ၁၅ ချက် ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ကလည်း ၁၂၀ မမနဲ့ အချက် ၂၀ ကျော်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

//
More News
Up