Live
Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရား မိုးကြိုးစက်ကွင်းထိမှန်၊ ကြီးမားသည့် ထိခိုက်မှု မရှိဘူးဟု ဂေါပကပြော
DVB
·
May 16, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ  ဆံတော်ရှင် ကျိုက်ထီးရိုးစေတီဟာ မေလ ၁၆ ရက် မနက် ၃ နာရီလောက်က  မိုးကြိုးစက်ကွင်း အနည်းငယ် ရှပ်ပြီး ထိမှန်ခဲ့တယ်လို့ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

မိုးကြိုးစက်ကွင်း ရှပ်ပြီး ထိမှန်တာကြောင့် ဘုရားကျောက်လုံးတော်  ၃ ပေ ပတ်လည်မှာ ရွှေသရိုးဖတ် အနည်းငယ် ကွာကျခဲ့သလို ဘုရားပတ်လမ်း အနောက်တောင်ထောင့်မှာလည်း ၆ လက်မလောက်ရှိတဲ့ သစ်စေးသရိုးဖတ် ကွာကျခဲ့တာပါ။

ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူတဦးက “မိုးကြိုးစက်ကွင်း အနည်းငယ် ရှပ်ပြီး ထိမှန်တာပါ၊ ကြီးမားတဲ့ ထိခိုက်မရှိပါဘူး၊ ဒါကို လူတွေက ပုံကြီးချဲ့နေတာ၊ အရင်တုန်းကလည်း ဒီလို တစ်ခါ ဖြစ်ဖူးတယ်” ပြောပါတယ်။

ကျိုက်ထီးရိုးစေတီ မိုးကြိုးစက်ကွင်း အနည်းငယ်ရှပ်ပြီး ထိမှန်ခဲ့တဲ့အတွက်ကြောင့် နေ့လယ် ၁ နာရီလောက်မှာ သြဝါဒဆရာတော်ကြီးတွေကို လျှောက်ထားပြီး ဆရာတော်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကျိုက်ထီးရိုးစေတီနဲ့ အနီးတဝိုက်မှာ တပ်ဆင်ထားတဲ့ မိုးကြိုလွှဲတွေကိုလည်း ကျွမ်းကျင် ပညာရှင်တွေ ခေါ်ယူပြီး စစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ကျိုက်ထီးရိုးစေတီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းကတည်း မိုးကြိုးစက်ကွင်း အနည်းငယ် ထိမှန်ခဲ့ဖူးပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီဟာ နှစ်စဉ်ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ လာရောက်နေတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ဘုရားဖူး ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုစေတီရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့ထိ ၇ လတိုင်တိုင် ကျင်းပခဲ့တာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024