ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အနောက်လယ်ကုန်းရပ်ကွက် နယ်မြေ ၁၄ ရဲ့ နယ်မြေမှူးအိမ်အနီး ကိုက် ၂၀၀ လောက်အကွာမှာ Happy World အမည်နဲ့ ဆိုင်းဘုတ်ထောင်ကာ လောင်းကစားရုံတခု ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကာလ ၂၀၂၂ ခုနှစ် မတ်လကစပြီး Happy World ဆိုင်းဘုတ်ထောင်ကာ မနက် ၁၀ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားတာလို့ လယ်ကုန်းရပ်ကွက်နေသူ အမည်မဖော်လိုသူ အမျိုးသမီးတဦးက ပြောပါတယ်။
"အသံတွေတော့ တနေကုန်အရမ်းဆူညံတယ်၊ တချို့ကြတော့ အလုပ်ကိုမလုပ်ကြတော့ဘူး။ ရပ်ကွက်ထဲက မိန်းမတွေကအစ လေးကောင်ဂျင်သွားထိုးနေတာတွေ့တယ်။ နေရတာ အဆင်ကတော့ မပြေဘူး၊ ရင်တထိတ်ထိတ်နဲ့ နေနေရတာ လောင်းကစားဆိုတော့ မူးရူးနေကြတဲ့ သူတွေလည်း တွေ့တယ်” လို့ လောင်းကစားရုံအနီးမှာနေထိုင်သူတဦးက ပြောပါတယ်။
“Happy World မှ ကြိုဆိုပါ၏” ဆိုပြီး ဆိုင်းဘုတ်ထောင်ကာ ခြံဝင်းထဲမှာ ဆိုင်ကယ်အပ်နှံဖို့နေရာရှိပြီး မိုးကာတဲတခုအတွင်းမှာ ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ငါးမန်းဂိမ်း ဒေသအခေါ် ဖိုက်ကြူး (တရုတ်ဖဲဝိုင်း) တွေ မြင်တွေ့ခဲ့ရပြီး ရဲတွေကို လိုင်းကြေးပေးဆောင်ရွက်နေတာ။”
ဒေသခံတယောက်က "ဒီလိုလောင်းကစားရုံတွေက ရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေကို လိုင်ကြေးပေးပြီး လုပ်နေကြတာ၊ အကုန်လုံး ဝေစားမျှစား လုပ်နေကြတာပဲလေ။ မြစ်ကြီးနားတင်မဟုတ်ဘူး ဖားကန့်မှာလည်း အဲ့လိုပဲ လက်နက်ကိုင်တပ်ဖွဲ့လည်း ပေးရတာပဲ၊ အကုန်ပေးရတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် Happy World နဲ့ မလှမ်းမကမ်းမှာ ကြက်တိုက်ဝိုင်းလည်းရှိတယ်လို့ ရပ်ကွက် နေထိုင်သူတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်ကစပြီး တစ်နှစ်ကျော်ကာလအတွင်း လောင်းကစားဝိုင်းအချို့ ဆိုင်ဘုတ်ထောင်ဖွင့်လှစ်တာ၊ မူးယစ်ဆေးဝါးတွေ လမ်းတွေမှာ ပြောင်ကျကျရောင်းချတာတွေအထိ လုပ်ကိုင်နေကြကာ အရေးယူတာမျိုးလည်း လုံးဝမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့အတွင်းက တပ်ကုန်းရပ်ကွက် ကြာရာပတ္တီးနယ်မြေမှာလည်း ကျေးလက်ကမ္ဘာ အမည်ရှိ လောင်းကစားဝိုင်းတခုရှိပြီး စစ်တပ်အာဏာမသိမ်းခင်က ထွေအုပ်၊ ရဲနဲ့ တာဝန်ရှိ အခြားအဖွဲ့အစည်းတွေက ဝင်ရောက်စစ်ဆေးခဲ့ရာ လောင်းကစားပစ္စည်းတွေနဲ့ လောင်းကစားသူတွေကို မတွေ့ရှိရဘူးလို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။