အမေရိကန်-အာဆီယံ သံတမန်ဆက်ဆံရေးခေတ်သစ်ဖွင့်လှစ်လိုက်ပြီဟု သမ္မတ ဂျိုးဘိုင်ဒင်ပြော

အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ နိုင်ငံတွေကြား သံတမန် ဆက်ဆံရေး ခေတ်သစ်ကို ဖွင့်လှစ်လိုက်ပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မေ ၁၃ ရက်နေ့မှာ ကြေညာပါတယ်။ 

အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ သမ္မတ ဘိုင်ဒင်က အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။  

“ရှေ့လာမယ့် နှစ် ၅၀ ကမ္ဘာ့သမိုင်းကို အာဆီယံနိုင်ငံတွေက ရေးသားကြလိမ့်မယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ နိုင်ငံတွေကြားက ဆက်ဆံရေးဆိုတာ အနာဂတ်ကို မျက်နှာမူထားပါတယ်။ ရှေ့လာမယ့် နှစ်တွေ၊ ဆယ်စုနှစ်တွေအတွက် ရည်စူးပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။ 

အခု ထိပ်သီးအစည်းအဝေးဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဝါရှင်တန်မှာ ကျင်းပတဲ့ ပထမဆုံး အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။ 

သမ္မတ ဘိုင်ဒင် အစိုးရဟာ ယူကရိန်းကို ရုရှားက ကျူးကျော်နေတဲ့အချိန်မှာပဲ၊  အင်ဒိုပစိဖိတ်ဒေသနဲ့ ဒေသထဲက အမေရိကန်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တရုတ်ကို အထူး အာရုံစိုက်နေတယ်ဆိုတာ အခု ထိပ်သီးအစည်းအဝေးက ပြသလိုက်တာပါ။ 

ဒီမတိုင်ခင်မှာ အမေရိကန် ဒုတိယသမ္မတ ကမ္မလာဟားရစ်ဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမေရိကန် ပြည်ထောင်စုဟာ ဒေသတွင်းမှာ အနာဂတ်မှာလည်း ဆက်ရှိနေမှာဖြစ်ပြီး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ လွတ်လပ်ရေးကို ဇောင်းပေးပြီး ပြောသွားပါတယ်။ 

အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံကြားမှာ အာရှ ပစိဖိတ် ဒေသအရေးနဲ့ ပတ်သက်လာရင် တူညီတဲ့ အမြင်ရှိပါတယ်။ နိုင်ငံတကာ ဥပဒေတွေ၊ စံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေ၊ ခြိမ်းခြောက်မှုတွေ အဖြစ်မခံနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ 

ထိပ်သီးအစည်းအဝေးမှာ သမ္မတ ဘိုင်ဒင်ရော၊ ဒုတိယ သမ္မတ ဟားရစ်ရော တရုတ်နိုင်ငံကို နာမည်နဲ့ ထည့်ပြောသွားတာ မရှိပါဘူး။ 

အာဆီယံ ခေါင်းဆောင်တွေဟာ နှစ်ရက်တာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်နေတာဖြစ်ပြီး၊ မေ ၁၃ ရက်နေ့က ထိပ်သီး အစည်းအဝေး နောက်ဆုံးနေ့ဖြစ်ပါတယ်။ 

ထိပ်သီးအစည်းအဝေးဟာ မေ ၁၂ ရက်နေ့က အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အလုပ်သဘော ညစာစားပွဲနဲ့ စတင်ခဲ့ပါတယ်။  အစည်းအဝေး ပထမနေ့မှာပဲ အမေရိကန်က အာဆီယံကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကူညီပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

အမေရိကန်ရဲ့ အကူအညီတွေဟာ အခြေခံ အဆောက်အအုံဏ္ဍ၊ လုံခြုံရေးနဲ့ ကပ်ဘေးကြိုတင် ကာကွယ်ရေး၊ ဒေသတွင်းမှာ တရုတ်သြဇာ ချဲ့ထွင်နေတာကို တန်ပြန် ထိန်းချုပ်ရေးတို့အတွက် ရည်ရွယ်ပါတယ်။

တရုတ်အစိုးရကတော့ အင်ဒိုပစိဖိတ်ဒေသမှာ ရေရှည်ဖွံ့ဖြိုးရေးအတွက်ဆိုရင် ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးကို မဆို ကြိုဆိုတယ်လို့ မေ ၁၃ ရက်နေ့မှာ တုံ့ပြန်ပြောဆိုပါတယ်။  

တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကျောက်လီကျန်းက တရုတ်နဲ့ အာဆီယံဟာ အနိုင်အရှုံး ကစားပွဲ၊ ထွက်ပေါက်မရှိတဲ့ ထိပ်တိုက်တွေ့မှုမျိုးကို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပေဂျင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ 

//
More News
Up