ကလေးမြို့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပြည်သူများပူးပေါင်းကြရန် PDF တိုက်တွန်း

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီနေ့ မေ ၁၃ ရက်က ပြုလုပ်တဲ့ ၄၆၀ ပြည့်ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှာ ပြည်သူတွေကို PDF တွေနဲ့ ပူး‌ပေါင်းပြီး စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကလေးမြို့ ပင်မသပိတ်အင်အားစုက သပိတ်အဖွဲ့ဝင်‌တွေ စု‌ပေါင်းပြီး ကလေးမြို့တွင်းတနေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။

ကလေးမြို့မှာ စစ်ကောင်စီက သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ထုရိုက်ဖျက်ဆီးတဲ့ကြားကနေ အခက်အခဲ အမျိုးမျိုး‌နဲ့ နေအိမ်စွန့်ခွာပြီး လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

အဆိုပါ‌‌ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့ သပိတ်ကော်မတီဝင်တဦးက "မိဘပြည်သူ‌တွေ အ‌နေနဲ့ စစ်ဘေးရှောင်‌နေရတဲ့ ဒုက္ခတွေ အမြန်ချုပ်ငြိမ်းစေဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ကို‌ တော်လှန်သွားကြဖို့နဲ့ မိဘပြည်သူများက ထောက်ပံ့ကူညီ ပူးပေါင်းမှသာလျှင် ဒီတော်လှန်ရေးဟာ အမြန်ဆုံး ပြီးမြောက်အောင်မြင်နိုင်မှာ ဖြစ်တယ်" လို့ ဟောပြောခဲ့ပါတယ်။

ကလေးမြို့ ပင်မသပိတ်အင်အားစုက “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့"၊ "တိုင်းပြည်ငို‌နေတဲ့အချိန် လူမိုက်တွေ‌ပျော်နေတဲ့ထဲ ကိုယ်မပါစေနဲ့" စတဲ့စာတန်းတွေ ကိုင်ဆွဲကာ လူအင်အား အများအပြားနဲ့ စစ်အာဏာရှင်စနစ်ကို ကန့်ကွက် သပိတ်မှောက်ခဲ့ကြပါတယ်။

ကလေးမြို့ ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်နေတာ ဒီနေ့နှင့်ဆိုရင် ရက်ပေါင်း ၄၆၀ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုတွေ အပြီးတိုင် ချုပ်ငြိမ်းသွားစေဖို့ ငြိမ်ခံမနေဘဲ လမ်းမပေါ်သို့တက်ကာ အလံနဲ့ အသံကြားရာ အရပ်က‌နေ မိမိတို့သပိတ်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပါဝင်ကြပါလို့ က‌လေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့ဝင်‌တွေက တိုက်တွန်းလိုက်ပါတယ်။

//
More News
Up