နိုင်ငံခေါင်းဆောင်များအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု လိုပြသက်သေအချို့ ပယ်ချခံရ

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ပတ်သက်ပြီး မေ ၁၃ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီအမှုမှာ လိုပြသက်သေ အယောက် ၂၀ ရှိပြီး လိုပြသက်သေတွေကို ဧပြီ ၁၈ ရက်နေ့ အပြီးစစ်ဖို့ CMP နဲ့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဧပြီ ၂၅ ရက်မှာ စွဲချက်လျှောက်လဲချက်တင်ပြီး မေ ၂ ရက်မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၉ ဦးထိ စစ်ဆေးပြီးဖြစ်ပေမဲ့ ဒီနေ့ရုံးချိန်းမှာ အမှုနဲ့ပတ်သက်တဲ့ ကျန်မစစ်ရသေးတဲ့ တရားလိုပြသက်သေတွေကို ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

အခုလို တရားလိုပြသက်သေတွေ ပယ်လိုက်တဲ့အတွက် နောက်ရုံးချိန်းဖြစ်တဲ့ မေ ၂၇ ရက် ရုံးချိန်းမှာ စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက်ပေးမယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ် အနိုင်ရပြီးနောက်မှာ စစ်တပ်က နိုင်ငံခေါင်းဆောင်တွေကို ဥပဒေနဲ့မညီဘဲ ဖမ်းဆီး အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းမှာ စွပ်စွဲချက်အမျိုးမျိုးနဲ့ အမှုဖွင့် တရားစွဲနေတာ ဖြစ်ပါတယ်။

//
More News
Up