Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်သည့်အဖွဲ့များကို ပြည်ပနှင့်ဆက်နွှယ်နေဟု စစ်ခေါင်းဆောင် ဝေဖန်
DVB
·
May 13, 2022

ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့အဖွဲ့တွေဟာ ပြည်ပနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ အာဏာသိမ်း စစ်ခါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၂ ရက် စစ်ကောင်စီအစည်းအဝေးမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်မှုမှာ  ပြည်ပနိုင်ငံတွေ ပါဝင်ပတ်သက်နေပြီး PDF ၊ CRPH တို့နဲ့ ဆက်နွှယ်နေကြောင်းလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“မူလက တက်မယ်လို့ဆန္ဒရှိနေပြီးတော့မှ နောက်မတက်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့တာကတော့ KNU ဖြစ်ပါတယ်။ အဲတော့ KNU ရယ်၊ KIA ရယ်၊ KNPP ကတော့ အဲဒီနယ်မြေတွေမှာ ရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF, CRPH သူတို့နဲ့ ဆက်နွှယ်နေတာတွေရှိတာကို ကျနော်တို့တွေ့ပါတယ်။ နောက်တခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေရဲ့ ပတ်သက်သက်မှုနဲ့ ဆက်နွှယ်နေတယ်လို့လည်း ကျနော်တို့သိထားရပါတယ်။ ဒါကြောင့် သူတို့က ကျနော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာတွေဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်။ နိုင်ငံအရေးမှာ၊ ဒို့ပြည်တွင်းရေးမှာ ပြည်ပက ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။”

ဒီလိုပြောဆိုချက်နဲ့ပတ်သက်ပြီး ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက အာဏာသိမ်းခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပြီး နာရီပိုင်းကတည်းက  ကေအန်ယူအနေနဲ့ တုံ့ပြန်ပြောဆိုထားပြီးဖြစ်သလို လက်ရှိ အာဏသိမ်းခေါင်းဆောင် ပြောဆိုချက်တွေဟာ ပကတိအခြေအနေနဲ့ ကင်းကွာနေတယ်လို့လည်းပါတယ်။ 

ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက “ကျနော်ပြောချင်တာက သူဖိတ်ခေါ်တဲ့ဟာကို ဧပြီ ၂၂ ရက်နေ့ကတည်းက ၂ နာရီအချိန်မှာနဲ့တူတယ်။ ပြီးရင်နာရီပိုင်းပဲ ကျနော်ချက်ချင်းတုံ့ပြန်တယ်။ လုံးဝ လက်မခံနိုင်ဘူးဆိုတာ။ ဒါ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထား ရပ်တည်ချက်ပဲ။ ကျနော်တို့အဖွဲ့အတွင်းမှာ ပြန်ထိုင်တယ်ဆိုပေမယ့်လည်းသဘောထားတခုတည်းပဲ။ ဘာမှကွဲပြားတာ မရှိဘူး။ တခုပဲပြောစရာရှိတာက ကျနော်တို့အဖွဲ့အစည်းက အပေါ်ဆုံးကနေ အောက်ဆုံးအထိ ခေါင်းဆောင်တယောက်ပြောရင် ပြီးတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ စုပေါင်းခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီနည်းကျကျ လူတိုင်းက ပြောပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့  အဲဒီပြောပိုင်ခွင့်က ကိုယ့်ထင်ရာလျှောက်လုပ်လို့မရဘူး။ အများက ဆုံးဖြတ်ပြီဆိုရင် အများက ဆုံးဖြတ်တဲ့အတိုင်း ကျနော်တို့က လိုက်လုပ်ရတယ်။ ကျနော်တို့က ဒီမိုကရေစီကို ပါးစပ်နဲ့မပြောဘူး လက်တွေ့လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါကို သူနားလည်ပုံလည်း မပေါက်ဘူး။ နောက်တခုက ဘာလဲဆိုတော့ သူကလျှောက်လုပ်လျှောက်ပြောနေတဲ့ဟာ ရူးကကြောင် မူးကကြောင်နဲ့ အဲဒါတွေက ပိုပြီးတော့ ဆိုးဆိုးလာတယ်ဆိုတာ သတိထားမိတယ်။ နောက်ချက်က သူအာဏာသိမ်း လိုက်လို့ နောက်ထပ်ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးက ထိန်းမနိုင်သိမ်းမရဖြစ်တယ်ဆိုတာ သူ့ကိုယ်သူကတော့ ဒီဟာတွေ ထိန်းနိုင်သိမ်းနိုင်တယ်ဆိုပြီးတော့ စဉ်းစား စိတ်ကူးယဉ်ပြီးတော့လုပ်နေတာလုံးဝမရတော့ဘူး။ အခု ပုံစံသစ်တခုနဲ့ ဘက်သီးသီးက ကြိုးစားနေတာ မရောက်သေးတာပဲဖြစ်တယ်။ ဒါပေမဲ့ သူက အဲဒါကို လုံးဝ လက်ခံနိုင်ပုံမပေါ်ဘူး။ သူကလက်ရှိ ပကတိအခြေအနေနဲ့ လုံးဝ ကင်းကွာသွားပြီ”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့သစ်တွေကို လက်မခံလို့မရတော့တဲ့ အခြေအနေဖြစ်ကြောင်းနဲ့   စစ်တပ်ကသာလျှင် နိုင်ငံရေးက နေဆုတ်ခွာတာ အမှန်ကန်ဆုံး အဖြေဖြစ်လိမ့်မယ်လို့လည်း ကေအန်ယူ တာဝန်ရှိသူကပြောပါတယ်။

“ဒီနေ့ဒီအချိန်ကာလမှာ မအလဆိုတာ ယုံကြည်ကိုးစားစရာ အကြောင်းကို မရှိတော့တာ။  နောက်တချက်က ဘာလဲဆိုတော့ အထူးသဖြင့် သူအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်အဖွဲ့အသစ်တွေ ပေါ်လာတယ်။ ဆိုလိုတာက new stakeholders တွေ ပေါ်လာတယ်ဆိုတာ သူလုံးဝ လက်မခံဘူးဆိုတာ ဒါတော်တော်ဆိုးတဲ့အချက်ပဲ။ ဒါက ဗမာပြည်တပြည်လုံးမှာဖြစ်ပေါ်နေတဲ့ကိစ္စ အဲဒါကို သူလုံးဝ လက်မခံနိုင်ဘူး။ သူအမှန်တရားကို လက်မခံနိုင်ဘူးဆိုတော့ ဘာလုပ်လို့ရမလဲ။ နောက်ဆုံးအချက်က ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုပ်တဲ့အခါမှာ အထူးသဖြင့် အရင်အစိုးရတွေက ၂၀၀၈ ကို ပြင်ဆင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ တခါတည်း တွဲပေးလိုက်တယ်။ ဆိုလိုတာက ဘာပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးဖြစ်စဉ်သာလျှင် ၂၀၀၈ ကိုပြင်မယ်၊ ကျနော်တို့အားလုံးက အားခဲပြီးတော့ လွှတ်တော်အပြင်ရော၊ လွှတ်တော်အတွင်းရော လုပ်နေကြတဲ့အပိုင်းတွေ အများကြီးရှိတယ်။ သို့သော်လည်း ဒီနေ့ ဒီကာလမှာ ဖြစ်နေတဲ့ကိစ္စက ၂၀၀၈ ဆိုတာ ခေါင်းထဲမှာ စဉ်းစားစရာကို မလိုတော့ဘူး။ ဒါပေမဲ့ သူကတော့ အာဏာကို သိမ်းတယ်၊ မပြောရဲဘဲနဲ့ အာဏာကို သိမ်းသလိုလို၊ ထိန်းသလို၊ ရူးသလိုမူးသလိုလို ၂၀၀၈ က ရှိသလိုလို လိမ်ပြီးဟန်ဆောင်နေတဲ့ ပုံစံကြီးက လုံးဝ အလုပ်မဖြစ်တော့ဘူးဆိုတာ သူနားလည်ဖို့ကောင်းတယ်။ ကျနော်တို့ ပြောနေတာက ဘာလဲဆိုတော့ စစ်တပ်ကသာလျှင် နိုင်ငံရေးက ဆုတ်ခွာရမယ်ဆိုတဲ့ဟာက ဒါက အဖြေမှန်ပဲဆိုတာ ကျနော်တို့ယုံကြည်ချက်က ခိုင်သတဲ့ ခိုင်မာလာတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေးအဖွဲ့က ဒီလိုခံယူတယ်ဗျာ။ ” ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောခွင့်ရသူ ဦးအောင်ဆန်းမြင်ကလည်း ကိုယ့်ပြည်နယ်အရေးကို ကိုယ်ပြည်နယ်သားတွေကသာ ဆုံးဖြတ်ပြီး ဘယ်ပြည်ပ ဩဇာကိုမှ မခံကြောင်း ပြောပါတယ်။ 

“ကျနော်တို့က ကျနော်တို့ ပြည်နယ်ရဲ့အရေးကို ကျနော်တို့ ကျနော်တို့ပြည်နယ်သူ ပြည်နယ်သားတွေကပဲ ဆုံးဖြတ်ရမယ်။ ကျနော်တို့ ပြည်ပက ဩဇာခံမဟုတ်ဘူး။ ကျနော်တို့ အဓိက ပြောချင်တာကတော့ ကျနော်တို့ရဲ့အရေးက ကျနော်တို့ဘာကျနော်တို့ ဆုံးဖြတ်ဖို့ပဲ လိုအပ်တယ်လို့ ကျနော်တို့ယုံကြည်တယ်။ ဒါကြောင့်မို့လည်း ဒီနေ့ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အရေးအခင်း အကျပ်အတည်းကို ဖြေရှင်းတဲ့အခါမှာ ကျနော်တို့နိုင်ငံရေး ဦးတည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို  အဓိကအလေးထားပြီးတော့ တောင်းဆိုနေတာဖြစ်တယ်။ အဲတော့ ဒီနေ့ သွားတဲ့ နိုင်ငံရေးအခင်းအကျဉ်းကလည်း အခုနကလို သူတို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဘာကြောင့်ပေါင်းရလဲဆိုတော့ သူတို့က ကျနော်တို့ သွားချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်နဲ့ ဘုံသဘောထား တူညီချက်ရှိတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ ကျနော်တို့ နိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ ကျော်အောက်ကနေ ပြီးတော့မှ ကျနော်တို့ အသက်ရှင်လာခဲ့ကြတယ်။ ဒီစနစ်ကြီးအောက်မှာတော့ ကျနော်တို့ ဆက်ပြီးတော့မှ မသွားနိုင်တော့ဘူး။ အဲတော့ ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို  တည်ဆောက်ပြီး ကျနော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ ဘဝလုံခြုံစိတ်ချရပြီးမှ အေးချမ်းသာယာတဲ့ လူဘောင်သစ်တရပ်ကို ဖန်တီးချင်တာ၊ ဒါ ကျနော်တို့ရဲ့ နိုင်ငံရေး ဦးတည်ချက်ပဲ”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024