Home
မြန်မာသတင်း
မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း ဆိုးရွားစွာ ပျက်စီးလာသဖြင့် ကားသမားများအခက်ကြုံ
DVB
·
May 13, 2022

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့ကို သွားရာ မိုးမောက်- လွယ်ဂျယ်ကားလမ်းဟာ ၄၇ မိုင်လောက်အထိ အဆမတန်ဆိုးရွား လာတာကြောင့် ကားတွေ  မကြာခဏတိမ်းမှောက်နေပြီး အခက်အခဲကြုံတွေ့နေရတယ်လို့ ကားကြီးသမားတွေက ပြောပါတယ်။

၁၂ ဘီးကားယာဉ်မောင်း တဦးက “အခုရက်ပိုင်း မိုးတွေရွာတော့ ပိုဆိုးလာတယ်။ အရင်ကတည်းက လမ်းက အရမ်းဆိုးတော့ ကျနော်တို့ ကားသမားတွေအပါအ၀င် ခရီးသွားလာသူတိုင်း အမြဲဒုက္ခကြုံတွေ့နေရတာ ကြာနေပါပြီ။ တလကို ၄ စီး ၅ စီး လောက်မှောက်နေတာရယ်။ တချို့က လမ်းမကျွမ်းကျင်လို့၊ တချိုကတော့ လမ်းဆိုးရွားလွန်းလို့ပါ။ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ကားပျက်စီး တာတွေတော့ မကြာခဏရှိခဲ့တယ်” လို့ ပြောပါတယ်။

အရင် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က လွယ်ဂျယ်လမ်းပိုင်းပြုပြင်ဖို့နဲ့ တရုတ်ကုမ္ပဏီ ဟုန်ရှင်းကျန်းဖနဲ့ လပေါင်း ၂၀ စီမံကိန်း စာချုပ်ချုပ်ဆိုခဲ့ကြပေမဲ့ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းရှင်နဲ့ တရုတ်လုပ်သားတွေ တရုတ်နိုင်ငံ ပြန်သွားကြသလို စစ်တပ်က အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းနေတာလို့ ဆိုပါတယ်။

ကားသမား တဦးက “လမ်းတွေ ဆိုးတာကြောင့် တခါတလေ ထမင်းတောင်မစားရဘူး။ ခရီးကြန့်ကြာတာတွေကြောင့် ကုန်ကျစရိတ် များပြားလာတဲ့အပြင်  အန္တရာယ်လည်း အလွန်များ တယ်။ ကုန်တွေလည်း အမြင့်ကြီး မတင်ကြဖို့၊ မိုးရွာနေရင်လည်း မတက်ကြဖို့နဲ့ကားသမား အချင်းချင်းကူညီပေးကြပါ။ လမ်းကိုလည်း ကတ္တရာမဖြစ်နိုင်သေးရင်တောင် သဲကျောက်တွေနဲ့ မချောအောင် တာ၀န်ရှိသူတွေအနေနဲ့ ပြုလုပ်ပေးစေလိုတယ်”လို့ ဆိုပါတယ်။

မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းမှာ ကားမှောက်တာတွေ မကြာမကြာဖြစ်နေတာကြောင့် လမ်းအသုံးပြုနေသူ ကားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ကားကြီးသမားများ လူမူကူညီရေးပရဟိတအသင်းက ကားသမားတွေ ဦးဆောင်ကာ လမ်းဆိုးတဲ့နေရာတွေကို အဓိကပြုပြင်ခဲ့ပေမဲ့ ကုန်ကျစရိတ်များပြားနေတာကြောင့် ရပ်ဆိုင်းလိုက်ရတယ်လို့ အသင်း တာဝန်ရှိသူက ပြောပါတယ်။

တရုတ်နယ်စပ် လွယ်ဂျယ်လမ်းပိုင်းကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးစေလိုတယ်လို့ ကားသမားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024