မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေ ၁၁ ရက် မနက်ပိုင်းက ဆောမြို့နယ်က ခရီးသွားပြည်သူတယောက်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ပေါက်တော (အထက်) ကျေးရွာမှာ မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ ဆောမြို့နယ် လက်ပန်းကျေးရွာက ကိုအောင်လှိုင်မိုးကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဖမ်းဆီးပြီး ပေါက်မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ပေါက်တောကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"ဆောမြို့နယ်နဲ့ ပေါက်မြို့နယ်က နယ်မြေချင်း ထိစပ်နေတာဆိုတော့ တမြို့နယ်နဲ့ တမြို့နယ်၊ တရွာနဲ့တရွာ ဒီလိုပဲ ခရီးသွားလာနေကြတာဗျ။ သူတို့တွေက ကိုအောင်လှိုင်မိုးကို စစ်မေးပြီး PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာ။ ဘာအထောက်ထားမှလည်း တွေ့တာမဟုတ်ဘဲ ဖမ်းဆီးခံလိုက်ရတာ။"
စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေဟာ အခုရက်ပိုင်းအတွင်း ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အပြစ်မဲ့ပြည်သူတွေ တောက်လျှောက် အဖမ်းခံနေရသလို ပေါက်မြို့နယ် ကျေးလက်ဒေသတွေက ပြည်သူတွေနဲ့ ဆောမြို့နယ်ဘက်က ခရီးသွားပြည်သူ ၅ ယောက်ထက်မနည်း အဖမ်းခံထားရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုတပတ်အတွင်း ပခုက္ကူခရိုင်အတွင်းက ဒေသခံ ပြည်သူတွေကို PDF လို့စွပ်စွဲပြီး ဆက်တိုက်ဖမ်းဆီးနေသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားခဲ့သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။