ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေကို ထောက်ရှုသောအားဖြင့် စစ်ကောင်စီအလိုကျ ပြန်ဖွင့်တဲ့ တက္ကသိုလ်ကျောင်းတွေကို မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ပဲ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျောင်းတက်နေကြတဲ့သူတွေအနေနဲ့ ပြန်စဥ်းစားဖို့ပါပဲ။ ကိုယ်က စစ်အုပ်စုကဖွင့်တဲ့ ကျောင်းတက်နေတဲ့ အချိန်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးနှိက်စက်ခံရပြီး အကျဥ်းထောင်မှာ ရောက်နေတဲ့ ကိုယ့်သူငယ်ချင်းတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်ကြဖို့လိုပါတယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်တခုလုံးက အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုရဲ့ ဖိနှိပ်မှုတွေကြောင့် ဒုက္ခဆင်းရဲမျိုးစုံ အလူးအလဲ ခံစားနေရတာကို ငဲ့ကြည့်ပြီး စစ်ကောင်စီနဲ့အလိုကျ ဖွင့်တဲ့ကျောင်းတွေ မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ပဲ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်က ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်သူ ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတာ ဒီနေ့ မေ ၁၂ ရက်မှာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။
ကျောင်းသားထုအခွင့်အရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အစဥ်အမြဲ ဦးဆောင် ပါဝင်ခဲ့တဲ့ ကိုအောင်နိုင်သူဟာ ၂၀၂၁၊ မေ ၁၂ ရက်က မန္တလေး ဆန္ဒပြသပိတ်ဖြိုခွဲခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာပါ။
စစ်ကောင်စီဟာ ကိုအောင်နိုင်သူ အပါအဝင် မန္တလေးပညာရေးဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မန္တလေး ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသ) အထွေထွေအတွင်းရေးမှူး မသီရိရတနာ၊ ဒုတိယနှစ်ကျောင်းသား မောင်မျိုးကျော်၊ ပထမနှစ်ကျောင်းသူ မပန်းအိဖြူနဲ့ DTEd အပတ်စဥ် (၂၂/၁၇) က ကိုကျော်ဇင်လတ်တို့လည်း ပါဝင်ပါတယ်။
ကိုအောင်နိုင်သူနဲ့ မပန်းအိဖြူ တို့နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားပြီး ကိုအောင်မျိုးကို၊ မသီရိရတနာနဲ့ ကိုကျော်ဇင်လတ် တို့သုံးဦးကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)၊ ၅၀(ည) တို့နဲ့ တရားစွဲဆိုကာ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့အထဲမှာ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသား မောင်မျိုးကျော်ကိုတော့ ဒီနေ့အချိန်ထိ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) က ထုတ်ပြန်ထားပါတယ်။