စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကလေးမြို့နယ်ဘက်ကိုသွားမယ့် ကားရာနဲ့ချီဟာ ဒီနေ့ မေ ၁၂ ရက် မနက် ၇ နာရီမှာ ရှေ့ဆက်မသွားရဲဘဲ ပိတ်မိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။
အခုလို ပိတ်မိနေတာဟာ ရေဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
ကားသမားတဦးက "ဟုတ်၊ ကျနော်တို့ ရေဦးမြို့နယ်ထဲမှာ ပိတ်မိနေတဲ့ကားတွေက ကုန်ကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ အိမ်စီးကားတွေပေါ့။ ကားမျိုးကတော့ အစုံပဲဗျ။ အစီးအရေအတွက် ရာချီပိတ်မိနေတယ်ဗျ။ အဓိကကတော့ စစ်ကောင်စီရဲ့ ပြန်ပေးဆွဲခံရမှာ၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာ ကြောက်လို့ ရှေ့ခရီး မဆက်ရဲကြတာပေါ့။ ဒီကောင်တွေက ကျနော်တို့ကားတွေ သွားမယ့်လမ်းက ပုဏ္ဏကားကျေးရွာမှာ တပ်ဆွဲထားတယ်ဗျ" လို့ ပြောပါတယ်။
တန့်ဆည်-ရေဦး-ကလေး ကားလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ခရီးသွားလာတာကို ယာယီ ခေတ္တရပ်နားထားပေးဖို့ ရေဦးပြည်သူ့ကာကွယ်ရေးတပ်က ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံထားပါတယ်။
ရေဦးမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရှာဖွေတာတွေ ပြုလုပ်နေသလို ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
ပြီခဲ့တဲ့ မေလ ပထမအပတ်ကလည်း ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။