Home
မြန်မာသတင်း
NUG နိုင်ငံခြားရေးဝန်ကြီး အမေရိကန်အစိုးရ ဖိတ်ကြားမှုဖြင့် ဝါရှင်တန်ဒီစီရောက်
DVB
·
May 12, 2022

အမေရိကန်အစိုးရ ဖိတ်ကြားမှုနဲ့ ဝါရှင်တန်ဒီစီမှာ ရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အပါအဝင် အာဆီယံနိုင်ငံတချို့က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေ ၁၁ ရက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီလို့ NUG အာဆီယံဆိုင်ရာ သံအမတ်ကြီး ဉီးဘိုလှတင့်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားမှုနဲ့ ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိန်ကန် နိုင်ငံခြားရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေသလို မလေးရှားအပါအဝင် အာဆီယံနိုင်ငံတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ ဆိုပါတယ်။

ဦးဘိုလှတင့်က “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လေးလေးစားစား ဖိတ်ကြားမှု၊ အစည်းအဝေးမှာ တိုက်ရိုက်တက်ရောက်ခွင့် မပြုနိုင်ပေမဲ့လို့ ဒီအစည်းအဝေးပြင်ပမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေဟာ အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရော အာဆီယံနိုင်ငံများရဲ့ လိုလားတဲ့ တွေ့ဆုံညှိနှိုင်းဖို့ သဘောထားရှိကြတဲ့ နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဘယ်သူတွေနဲ့ ဘယ်လောက်အဆင့်အထိ တွေ့ဆုံဆွေးနွေးနိုင်မယ်၊ ကျနော်တို့တိုင်းပြည်အတွက် ဘယ်လောက် လက်တွေ့ကျတဲ့ အဖြေတွေ ထွက်လာနိုင်မလဲ ဆိုတာကတော့ အစည်းအဝေးပြီးတဲ့ အခါကျမှသာ ကျနော်တို့အားလုံး သိကြရမယ့်ကိစ္စ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးမယ်ဆိုတာ မသိရသေးပေမဲ့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးနေလို့ အလုပ်မဖြစ်ဘူးဆိုတာ မြင်ဖို့လိုသလို ပိုမိုလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေလည်း ဆောင်ရွက်ဖို့လိုတယ်လို့ ဉီးဘိုလှတင့်က တိုက်တွန်းပါတယ်။

မလေးရှားနိုင်ငံကတော့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်တဲ့သူတွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

NUG အနေနဲ့ အခုလိုမျိုး နိုင်ငံတကာနဲ့ တွေ့ဆုံနိုင်တာဟာ ကောင်းတဲ့အရွေ့တခု ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးမှာ အရေးပါတဲ့နိုင်ငံတွေနဲ့ ရင်းနှီးမှု ပိုတည်ဆောက်ဖို့အတွက် အခွင့်အရေးတွေလည်း ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးကလည်း ပြောပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်တွင်းမှာ တော်လှန်ရေးအင်အားစု အားလုံးကို လွှမ်းခြုံနိုင်မှု အားနည်းနေသေးတာကြောင့် နိုင်ငံတကာအနေနဲ့ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။

အာဆီယံကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အကောင်အထည် မဖော်နိုင်သေးတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခုထိ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

အမေရိကန်ဘက်ကလည်း အာဆီယံ ဘုံသဘောတူညီချက်တွေအတိုင်း စစ်ကောင်စီကို ဖိအားပေးတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံထားပါတယ်။

မေ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို ဝါရှင်တန်ဒီစီမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဒေသစံတော်ချိန် မေ ၁၁ ရက်က နေ့လယ်စာစားရင်း အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတက်ဖို့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024