
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဖီလာတောင်ပေါ်ကနေ မေ ၁၀ ရက်ညမှာ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် မြို့တွင်း တာဟန်းရပ်ကွက် လူနေအိမ်တလုံးပေါ် ကျရောက်ခဲ့တာကြောင့် နေအိမ်ပျက်စီးသွားပြီး မိသားစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“လက်နက်ကြီးက ည ၁၀ နာရီကျော်မှာကျတာ၊ အိမ်ပေါ်ထပ်က တော်တော်လေး ပျက်စီးသွားတယ်။ အိမ်ရှင်အမျိုးသမီးနဲ့ သူ့ရဲ့သမီးလေး လက်မောင်းမှာ ဒဏ်ရာရသွားတယ်၊ သိပ်တော့မစိုးရိမ်ရဘူး" လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ည ၈ နာရီကျော်ကျော်လောက်ကစပြီး ကလေးမြို့ ရပ်ကွက်အချို့မှာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ၁၀ နာရီဝန်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။
မေ ၁၁ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်က မြို့တွင်းမှာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ညကလည်း တာဟန်းရပ်ကွက် ဘူတာရုံလမ်းကြား ဧမာနွေလ ဘုရားကျောင်းအနီး နေအိမ်ပေါ်ကို တိုက်ပွဲအတွင်းက လက်နက်ကြီးကျရောက်လို့ ဒေသခံတဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။