Home
ဆောင်းပါး
စစ်မိစ္ဆာတွေ ကျူးလွန်သမျှ မင်းအောင်လှိုင်ခေါင်းပေါ်ပုံကျတော့မည့်ကိန်း
DVB
·
May 11, 2022

မြန်မာစကားပုံ “ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပေါ်ကျ” ဆိုသလိုပါပဲ။ လက်ရှိ ညွှန်ပြနေတဲ့ နိုင်ငံရေး အခြေအနေတွေကတော့ စစ်မိစ္ဆာအရိုင်းအစိုင်းတွေ မိုက်မဲစွာ ကျူးလွန်သမျှ အပြစ်ရာဇဝတ်မှုတွေဟာ သမ္မတရူး မင်းအောင်လှိုင်ရဲ့ ခေါင်းပေါ်ပုံကျတော့မယ့်ကိန်းပဲ ဖြစ်ပါတယ်။ 

လူ့ကျင့်ဝတ်ဆိုတာ မူးလို့‌တောင် ရှူစရာမရှိ၊ ဆင်ခြင်ပိုင်းခြားနိုင်စွမ်း အသိဉာဏ် နတ္ထိနဲ့ မိစ္ဆာစစ်ဘီလူး သဘက်တွေရဲ့ ရွာလုံးကျွတ် မီးရှို့နေတာတွေ၊ လူမဆန်စွာ ခိုးဆိုး လုယက် သွေးချောင်းစီး သတ်ဖြတ်နေကြတဲ့ စစ်ရာဇဝတ်မှုအားလုံးရဲ့ လက်ငင်းအကုသိုလ် အကျိုးအပြစ် အားလုံးကို ရှောင်လွှဲလို့မရတော့ဘဲ စစ်ရာဇဝတ်ဓားပြဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေနဲ့ မအလဟာ ပုံအောပြီး ပြန်ပေးဆပ်ရတော့မှာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီစကားကို ဆိုရတာလဲလို့ မေးရင် ဘယ်လို တန်ခိုးရှင် ဘုရားသခင်တွေသော်တောင်မှ မတားဆီးနိုင်တော့လောက်တဲ့ အခြေခံပြည်သူလူထုတရပ်လုံးရဲ့ မဟာဒေါသကြီးက‌နေ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်တစ်ခုတည်းသာ ကျန်တော့လို့ပါပဲ။

ပစ္စည်းမဲ့ဒေါသဆိုတဲ့ စကားလုံးကို စာဖတ်သူတွေ ကြားဖူးကြမှာ။ အလွန်ပြင်းထန်တဲ့ စွမ်းအားတွေ ပျော်ဝင်နေပါတယ်။ ဆင်းရဲနုံချာလွန်းရာကနေ မထူးတော့တဲ့ဘဝတွေမှာ ပေါက်ကွဲပွင့်ကန် ထွက်လာတဲ့ ဒေါသ ဆိုတာ အလွန်ထိန်းချုပ်ဖို့ ခက်လှပါတယ်။ 

ဒီကနေ့ မြန်မာပြည်သူတွေမှာ လောင်မြိုက်နေတဲ့ ဒေါသမီးဟာ အပေါ်က‌ ပြောခဲ့တဲ့ ပစ္စည်းမဲ့ဒေါသထက် အဆပေါင်းများစွာ ပြင်းထန်လှတဲ့ လူသားမျိုးနွယ် ရှင်သန်ရေးဆိုင်ရာ ပကတိ ဒေါသမျိုး ဖြစ်တာမို့ မခန့်မှန်းနိုင်လောက်တဲ့ စွမ်းအင်တွေနဲ့ ဖွဲ့တည်နေတာ ဖြစ်ပါတယ်။

တခုတည်းသော ကျန်ရှိတဲ့ နိုင်ငံတော်ရဲ့ မူလပိုင်ရှင် အခြေခံပြည်သူလူထုတရပ်လုံးရဲ့ မဟာဒေါသကြီးကို‌ လျှော့ချနိုင်မယ့် ထွက်ပေါက်ကတော့ တခြားမဟုတ်ပါဘူး။ တိုင်းပြည်အာဏာ လုယူခဲ့ပြီး ပြည်သူလူထုကို ငရဲမီးတွင်းထဲ တွန်းချရာမှာ မိုက်မဲညံ့ဖျင်းစွာ ဦးစီးဦးဆောင်ပြုခဲ့တဲ့ သမ္မတရူး မင်းအောင်လှိုင်ကို အမြင့်ဆုံး အပြစ်ဒဏ်ခတ် ဆုံးမခြင်းသာ ဖြစ်ပါတယ်။ 

အခြေခံပြည်သူတွေရဲ့ မဟာဒေါသမီးတောက်ကြီး အရှိန်ကျစေအောင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှင်းလင်းအပြစ်မပေးနိုင်ဘူးဆိုရင် စစ်တပ်နဲ့ အာဏာလုပွဲကို ထောက်ခံဝိုင်းရံခဲ့ကြတဲ့ အခွင့်ထူးခံ အသိုင်းအဝိုင်းတစ်အုပ်လုံး မြန်မာသမိုင်း ကမ္ဘာသမိုင်းမှာပါ မကြုံတွေ့ခဲ့ဖူးသေးတဲ့ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်ဆိုးတွေ ဖြစ်ပွားလာနိုင်တော့မယ့် အခြေအနေတွေဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။

ဘာကြောင့်လို့လဲဆိုတော့ ဒီကနေ့ မင်းအောင်လှိုင် အာဏာတည်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က အခြေခံပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ လူမဆန်စွာ သတ်ဖြတ်ကြမ်းကြုတ်နေမှုဟာ မြန်မာ့သမိုင်းမှာသာမက တခြားဘယ်နိုင်ငံမှာမှ ကိုယ့်လူမျိုးအချင်းချင်းကို ရက်စက်မှုမျိုးဟာ ကမ္ဘာ့သမိုင်းမှာ မဖြစ်ပွားဖူးအောင် ရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။

ဒီတော့ စဉ်းစားတတ်တဲ့ဦးနှောက် နည်းနည်းရှိရင်ကို အနားယူနေကြတဲ့ စစ်ဗိုလ်‌ချုပ်ဟောင်း အသိုင်းအဝိုင်းတွေသာမက၊ လက်ရှိ အာဏာရူးမင်းအောင်လှိုင်အောက်မှာ အမှုထမ်းနေဆဲ စစ်ဗိုလ် စစ်သားအားလုံးဟာ အကြမ်းဖက်တရားခံ မင်းအောင်လှိုင်ကို ထိုးကျွေးရှင်းလင်းခြင်းကသာ အခြေခံပြည်သူလူထုတရပ်လုံးရဲ့ မဟာဒေါသကြီးကို‌ လျှော့ချနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့လို လူထုခေါင်းဆောင်တွေ ဝင်ရောက်ဖျောင်းဖျ ညှိနှိုင်းပေးနိုင်ပါလိမ့်မယ်။ 

အာဏာရူး မင်းအောင်လှိုင်ကို ထိုးမကျွေးနိုင်သ၍ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းအားလုံးဟာ ၁၉၇၀ ကျော် ကာလတွေတုန်းက ‌မြောက်ဗီယက်နမ်အစိုးရတပ်ရဲ့ ဗီယက်ကောင်းတွေ အလိုက်ခံရတာမို့ အမေရိကန်နဲ့ ပူးပေါင်းခဲ့ကြတဲ့ တောင်ဗီယက်နမ်(ဆိုင်းဂုံ) အစိုးရ ထောက်ခံသူ တောင်ဗီယက်နမ်သားတွေဟာ အမေရိကန်တပ်တွေ ဆုတ်ခွာရတော့ အတူလိုက်ပါခွင့် မရသူတွေဟာ ရရာလှေတွေနဲ့ ပင်လယ်ထဲက‌နေ ထွက်ပြေးကြရသလို ကြုံလာနိုင်ပါတယ်။ ထွက်ပြေးခဲ့ရတဲ့ တောင်ဗီယက်နမ်သား အများစုဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ မျောပါပြီး အများစုဟာ အသက်ဆုံးပါးခဲ့ကြရပြီး အနည်းစုသာ တခြားတိုင်းပြည်တွေဆီ ရောက်ခဲ့ရပါတယ်။

မပြေးနိုင်တဲ့ တောင်ဗီယက်နမ်သား ၃၀၀,၀၀၀ ကျော်ကို ပြန်လည်ပြုပြင်သင်ကြားရေး အကျဉ်းစခန်းများသို့ ပို့ခံခဲ့ရပြီး အများစုမှာ အလုပ်ကြမ်းတွေကို အတင်းအကျပ် စေခိုင်းခံရပြီး ညှဉ်းပန်းနှိပ်စက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဘယတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ 

ဆန့်ကျင်ဘက် အင်အားကြီးနိုင်ငံတွေ ပါဝင်ပံ့ပိုး စွက်ဖက်ခဲ့ကြတဲ့ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ် စစ်အတွင်းမှာ ဗီယက်နမ်စစ်သားနဲ့ ဗီယက်နမ်ပြည်သူအားလုံးပေါင်း သေဆုံးမှုမှာ ၁ သန်းအောက်မှ ၃ သန်းအထိ သေဆုံးရတယ်လို့ ခန့်မှန်းကြသလို အမေရိကန် စစ်သားပေါင်း ၅၈,၂၂၀ လည်း စစ်ပွဲအတွင်း သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီကနေ့ အရှိန်ရလာတဲ့ စစ်အာဏာရှင်စနစ် အပြီးဖျက်သိမ်းပစ်မယ့် နွေဦးတော်လှန်ရေးကြီး အောင်ပွဲခံနိုင်ဖို့ စစ်သား၊ ရဲသား၊ ပြည်သူပြည်သားတွေရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ရဦးမှာ ဖြစ်ပါတယ်။

အဲဒီလို လူ့အသက်တွေ အများအပြား မဆုံးပါးရ‌အောင်  အကြမ်းဖက်စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်ကို သူ့စစ်တပ်ကပဲ ပြန်ထိုးကျွေးရမယ့် နည်းလမ်းပဲ ရှိပါတော့တယ်။ မဟုတ်ရင်တော့ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းနဲ့ ထောက်ခံသူတွေဟာ တောင်ဗီယက်နမ်သားတွေလို အလားတူ ကြမ္မာဆိုးမျိုး ရင်ဆိုင်ရဖွယ်ရှိနေပါပြီ။

အဲဒီလိုအဖြစ်ဆိုးတွေ ဖြစ်လာနိုင်ခြေကို မသိကြတဲ့သူတွေဟာ မျက်ကန်းတစ္ဆေမကြောက် ဆိုသလို ဆက်လက်မိုက်မဲစွာ အာဏာရူး မအလနဲ့ အကြမ်းဖက်ကောင်စီကို ဆက်လက် ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ နားပိတ်၊ မျက်စိပိတ်ခံရတာအပြင် NLD ဒီကို ထောက်ခံသူ ၁၂ သန်းသာရှိတယ်ဆိုတဲ့ ဂျင်းသတင်းအမှားကြီးကြောင့်လည်း ပါနိုင်ပါတယ်။ အရင် စစ်ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲလုပ်တိုင်း ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ဆိုသူတွေကိုယ်တိုင်ဟာ မမှန်ကန်နဲ့ သတင်းအချက်အလက်တွေနဲ့ ဂျင်းစားပြီး မျက်မမြင်ပုဏ္ဏားများလို ထင်ရာလုပ်ခဲ့ကြတာချည်းပါပဲ။

ဒီတော့ သမ္မတရူးမင်းအောင်လှိုင်ရဲ့ အတွင်းစည်းထဲက စစ်ဗိုလ်စစ်သားတွေ၊ အနားယူပြီးတဲ့ စစ်ဗိုလ်ချုပ်အဟောင်းတွေအနေနဲ့ မိမိနဲ့ မိမိ မိသားစုဘဝ ရေရှည်အန္တရာယ်ကင်း လုံခြုံဖို့၊ တောင်ဗီယက်နမ်သားတွေလို အဖြစ်ဆိုးတွေ မကြုံရစေဖို့၊ ကမ္ဘာမှာ မဖြစ်ပွားဖူးသေးတဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်အပျက်ဆိုးတွေ မကြုံစေဖို့၊ အခြေခံပြည်သူတွေရဲ့ မဟာဒေါသ မီးတောက်ကြီး‌ လောင်ကျွမ်းတာ မခံချင်ဘူးဆိုရင်တော့ အကြမ်းဖက်စစ်မိစ္ဆာခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး ပြည်သူ့တရားစီရင်ရုံးကို ပို့ဆောင် ထိုးကျွေးခြင်းကသာ မိမိကိုကိုယ်နဲ့ မိမိ မိသားစုဝင်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024