မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ မေလ ၁၀ ရက် ဒီမနက် ၉ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါတယ်။
ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့ ၄၀ မမနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ ကားတစ်စီး ၄၀-မမ ထိမှန်ခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ စစ်ကောင်စီယာဉ်တန်း သွားရောက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီယာဉ်တန်း လက်နက်ကြီး ထိမှန်ပြီးနောက် ရပ်တန့်ခြင်း မရှိဘဲ မောင်းပြေးသွားကြောင်းနဲ့ တိုက်ခိုက်ခံရပြီး ၁၀ မိနစ် အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အိမ်စီးကားနဲ့ ရောက်ရှိပြီး ပစ်ခတ်မှုဖြစ်ရာ နေရာမှာ ၄၀-မမ အပါအဝင် လက်နက်ကြီး၊ လက်နယ်ငယ်တွေ ရမ်းပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ အပါအဝင် စစ်ကောင်စီကင်းစခန်းတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။