မွန်ပြည်နယ် ရေးမြို့နယ်က ထွက်ရှိတဲ့ ကွမ်းသီးစိမ်းနုတွေ ဈေးကောင်းပေးဝယ်နေတာကြောင့် စိုက်ပျိုး တောင်သူတွေ အဆင်ပြေနေကြတယ်လို့ ခြံသမားတွေက ပြောပါတယ်။
ကွမ်းသီးစိမ်းနု ၁ လုံးကို ၄၅ ကျပ် အထိ ဈေးပေးပြီး လိုက်လံဝယ်ယူတဲ့ လူကိုယ်တိုင် ခူးပြီး ဝယ်တာလို့ ဆိုပါတယ်။
“ကွမ်းသီး အစို ၁ လုံးမှ ကျပ် ၂၀ ကျော်သာရကြတယ်။ အခု ကွမ်းသီးစိမ်းနုက ဈေးပိုမိုရကြတော့ ပိုပြီး ရောင်းချလာနေကြတယ်” လို့ ခြံသမားတဦးက ပြောပါတယ်။
ကွမ်းသီးစိမ်းနုက ပထမအသုတ်က ရောင်းတာဘာမှမဖြစ်ပေမဲ့ နောက်အသုတ်တွေ ထပ်မံပြီး ဈေးကောင်းရ တွက်ခြေကိုက်လို့ ရောင်းပါက ရေရှည်မှာ ရာသီဥတုဒဏ်ပါ ထပ်မံခံရပါက ကွမ်းသီးအထွက်နှုန်းတွေ ကျဆင်းသွားနိုင်တယ်လို့ ခြံသမားတွေက သုံးသပ်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း ကွမ်းသီးစျေးတွေ စံချိန်တင်ဈေး ကွမ်းသီး ၁ ပိဿာကို ကျပ် ၁၀၀၀၀ ကျော်က ရရှိလာပေမဲ့ အခုလက်ရှိ ဒေသပေါက်ဈေး ကျပ် ၅၀၀၀ ကျော်သာ ရရှိကြပြီး ခြံတခြံရဲ့ ကုန်ကျစရိတ်တွေက ၂ ဆလောက်ရှိတာကြောင့် အခုလက်ရှိဈေးနဲ့ တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ ရေး ကွမ်းသီးတွေကို ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက အဓိက ဝယ်ယူကြပြီး နှစ်စဉ် ကွမ်းသီးတင်ပို့မှု တန်ချိန် ၁ သိန်းကျော်ရှိပါတယ်။