ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

“ရာစုနှစ်တစ်ခုမှာ မျိုးဆက်လေးခုရှိတယ်။ ၁၈၈၅ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်ကစပြီး တို့အဖိုးတွေဟာ နယ်ချဲ့ကို တော်လှန်လာခဲ့ကြတယ်။ အဖေတို့ လက်ထက်ကျတော့ အမျိုးသားလွတ်မြောက်ရေးတာဝန်ကို ထမ်းဆောင်ခြင်းပြုခဲ့ကြတယ်။ 

သားတို့ဟာ ဒီရာစု (၁၈၈၅-၁၉၈၅) ခုနှစ်ရဲ့ နောက်ဆုံးမျိုးဆက်တွေပဲ။ အချို့ဟာ သမိုင်းရဲ့တာဝန်တွေကို ရဲရဲရင့်ရင့်ထမ်းဆောင်ခဲ့ကြတယ်။ အချို့ကျတော့ သမိုင်းတာဝန်ကိုမကျေပွန်ကြဘူး။ လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။”

ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင်က သူကွယ်လွန်ခါနီးတွင် သားဖြစ်သူ ဗဟိန်းအောင်ကို ပြောကြားခဲ့သော စကားများဖြစ်သည်။ စင်စစ် ထိုစကားများက သူ့သားအတွက် သာမက ပြည်သူများအတွက်လည်း တန်ဖိုးရှိသော သမိုင်းမှာတမ်းတခု ဖြစ်ပေသည်။

ဆရာကြီး ပြောသလို ယခင် မျိုးဆက်အသီးသီးတို့သည် မြန်မာပြည် အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျရောက်ခဲ့သည့် အချိန်မှစ၍ ကျူးကျော်သူ တိုင်းတပါးသားနယ်ချဲ့တို့ကို ရရာနည်းအမျိုးမျိူးဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ဖက်ဆစ်ဂျပန်လက်အောက် ကျရောက်သွားသည့်အခါမှာလည်း မိမိတို့၏ အသက်၊ သွေး၊ ချွေး တို့ဖြင့် တိုင်းပြည်ကို ဖက်ဆစ်ဂျပန်တို့ လက်အောက်မှ လွတ်မြောက်အောင် ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြသည်။ မိမိတို့၏ တာဝန်သိစိတ်ရှိရှိနှင့် သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့်အတွက်ကြောင့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့တွင် နှစ်ပေါင်း ၁၂၄ နှစ်ကြာ မြန်မာပြည်ကို မတရားဖိနှိပ်အုပ်ချုပ်ခဲ့သူများကို   မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့ကြ‌သည်။ မိမိ ဖြတ်သန်းနေသော ခေတ်ကြီးက မိမိပခုံးပေါ်တွင် တင်ပေးလိုက်သည့် တာဝန်ကို ကိုယ်တတ်နိုင်သည့်ဘက်မှ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်း၏ ရလဒ်ဖြစ်ပေသည်။

ယခု ၂၁ ရာစု နွေဦးတော်လှန်ရေးတွင်လည်း မြန်မာပြည်သူများအတွက် ခေတ်ကြီးက ထမ်းတင်ပေးလိုက်သော တာဝန်တခု ရှိလာခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် ပြည်သူရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချပြီးနောက် စစ်မိစ္ဆာတို့သည် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်လိုက်ခဲ့ကြသည်။  ဒီနောက် ဆက်တိုက် ဆိုသလို အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၊ ထောင်ချ၊ ပစ်ခတ်၊ သတ်ဖြတ်ပစ်သလို ကျေးရွာများကိုလည်း လက်နက်ကြီးများ၊လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်ကာ ရွာလုံးကျွတ် မီးတင်ရှို့ပြီး ရက်စက်မှုအပေါင်း သရဖူဆောင်းပြလိုက်သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာ တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုး ကို အပြည့်အဝ ပြန်လည်အသက်သွင်းဖို့ စစ်မိစ္ဆာတို့က မရမက ကြိုးစားလာကြခြင်း ဖြစ်သည်။ 

သို့ဖြစ်သောကြောင့် ဤမျှရက်စက်ကြမ်းကြုတ်သော၊ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်ချင်သော မကောင်းဆိုးဝါး ထိုစစ်မိစ္ဆာများကို   မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားပစ်ရေးသည် မြန်မာပြည်သူများ၏ သမိုင်းပေးတာဝန်တစ်ခု ဖြစ်လာခဲ့ပေသည်။ ဤသို့ဖြင့် တချို့ကလည်း သမိုင်းပေးတာဝန်ကို မိမိတတ်နိုင်သည့် ဘက်မှ ထမ်းဆောင်လာခဲ့ကြသည်.....

အကြမ်းဖက် ဖိနှိပ်နေသူများကို တော်လှန်တိုက်ခိုက်ဖို့ ကိုယ့်အိမ်၊ ကိုယ့်ဇာတိမြေကို စွန့်ခွာလာခဲ့ကြသည်။ ယခုလို တောထဲ၊ တောင်ထဲတွင် အနေအစားကျုံ့ကာ နေထိုင်ရလိမ့်မည်ဟု တခါမှ မတွေးခဲ့ဖူး‌။ ထမင်းစားလျှင် အသားဟင်းလေးပါမှစားတတ်သူ၊ အိမ်က ဟင်းမကြိုက်ရင် အပြင်ထွက်စားလေ့ရှိသူတယောက် ယခုအခါမှာတော့ သက်သက်လွတ်သမား တယောက်ဖြစ်လို့နေပေသည်။ အိမ်ထမင်း၊ အိမ်ဟင်းကိုလည်း လွမ်းတတ်နေပြီ။ တခါတရံဆိုရင် စစ်မိစ္ဆာတို့နဲ့ တိုက်ပွဲဝင်ရင်း ထမင်းမစားလိုက်ရတာမျိုးပင် ရှိသေးသည်။ အဝတ်အစားဆိုရင်လည်း ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ဝတ်ဆင်ခဲ့သူတယောက်သည် ယခုအခါမှာတော့ ပြည်သူများကပေးသည့် အဝတ်အစားများကို တော်သည်မတော်သည်၊ ကြိုက်သည် မကြိုက်သည် ကြေးမများဖြစ်တော့ပေ။ မိုးသက်လေပြင်းကျလျှင်၊ ဆီးနှင်းကျပြီဆိုလျှင်  အနွေးထည် ထည်လဲဝတ်ခဲ့သော၊ ကိုယ်ပိုင် ကုတင် နှင့် နွေးနွေးထွေးထွေးအိပ်ခဲ့သော အတိတ်က‌နေ့ရက်များကို လှမ်း၍ သတိရလိုက်သေးသည်။ ယခင်က အိပ်ရာဝင်အချိန်များတွင် ကြည်နူးစွာ ကြားရလေ့ရှိသော အိမ်သားများ၏စကားသံများ၊ သာယာငြိမ်းညောင်းသည့် ဂီတသံများ၊ ငြိမ်းချမ်းမှုများ နေရာတွင်  ယခုအခါမှာတော့ ရန်သူ၏ ညအချိန်မတော် လေကြောင်းတိုက်ခိုက်မှုများကို မသက်မသာ နားစွင့်ရင်း  သန်းခေါင်ယံ ညများကို ဖြတ်သန်းနေရသည်။ 

ဘယ်အစိုးရတက်တက်၊ ဘယ်သူအုပ်ချုပ်အုပ်ချုပ်၊ ငါတို့မထိခိုက်ရင်ပြီးရောဟု သဘောထားကာ ရုံးခန်းအတွင်း အေးအေးဆေးဆေး အလုပ်လုပ်နေလို့ရသည်။ သို့သော် သူတို့က အဲ့ဒီလို မဟုတ်။ ပြည်သူလစာကိုယူကာ ပြည်သူ့ဆန္ဒကိုဆန့်ကျင်သည့် ဝန်ထမ်းများ မဖြစ်လိုကြ။ ပြီးတော့ ပြည်သူ့အစိုးရ မဟုတ်သည့် တရားမဝင်အုပ်စု အောက်မှာ အလုပ်မလုပ်ချင်။ ပြည်သူကို ညှဉ်းပန်း နှိပ်စက်တော့မည့် စစ်ကျွန် ယန္တရားကြီးအတွင်း ခွေးသွားစိပ်များသဖွယ် သူတို့ဘဝကို စတေးမခံနိုင်။ သည့်အတွက် သူတို့ အလုပ်ခွင်ကို ကျောခိုင်းကာ  အာဏာဖီဆန်ခဲ့ကြသည်။ မှန်ကန်သည့်၊ တရားသည့်ဘက်၊ ပြည်သူ့ဘက်ကို လိုက်ခဲ့ကြသည်။ သည့်အတွက် ယခင်ကရှိနေသော ဘဝ၏နရီစည်းဝါးကိုက်မှုတို့ ဟန်ချက်လွဲသွားမည်ကိုလည်း မသိမဟုတ်။ သိပါသည်။ ဒါ့အပြင် ရှိရင်းစွဲ အလုပ်အကိုင်ဆုံးရှုံး၊ ဝင်ငွေပုံမှန်မရှိဘဲ ရှောင်ရ၊ တိမ်းရ၊ သားတကွဲ၊ မယားတကွဲ ဖြစ်ကာ အခန့်မသင့်ရင် ထောင်လည်းကျနိုင်တာကိုလည်း သိသည်။ သို့သော် ကျွန်စော်နံ ပြန်ပါဦး ဆိုသည့်အဖြစ်ကို မလိုလားသည့် အတွက်  ဒီလမ်းကိုပဲ သူတို့ ယုံကြည်မှုအရ ရွေးချယ်ခဲ့ကြသည်။ 

“ရပ်လိုက်ပါတော့လား၊ ဒီတိုင်း ဖမ်းခံ၊ ပစ်သတ်ခံနေရတာ မတန်ဘူး” ဆိုသည့် ကရုဏာဒေါသောသံတွေကြားကနေ  တရက်မပျက် လမ်းမတွေထက် အတတ်နိုင်ဆုံး ချီတက်ခဲ့ကြသည်။ တောထဲမနေရသော်လည်း တောထဲကလူတွေလို စွန့်စားရတဲ့နေရာမှာတော့ အတူတူပင်။ အပ်တို တချောင်းတောင် မပါပေမဲ့ ရန်သူကတော့ သေနတ်နဲ့လည်းပစ်သည်။ ကားနဲ့လည်းတိုက် ဖမ်းချင် ဖမ်းသည်။ လုပ်ငန်းစလုပ်ပြီ ဆိုကတည်းက မိမိတို့ တွယ်တာရသည့် ကိုယ့်အိမ်မှာကိုယ် နေလို့မရတော့။ ဟိုနေရာ၊ ဒီနေရာ အမြဲလိုလို ရွှေ့ပြောင်းနေရသည်။ ရန်သူ့သတင်းပေးများသည့် နေရာမှာဆိုရင်တော့ ရင်တထိတ်ထိတ်နှင့် လွတ်အောင်ရှောင်ရသည်။ ရန်သူလက်တွင်းသို့ ကျမလိုလိုဖြစ်ပြီး လက်မတင်ကလေး ပြန်လွတ်လာတာကလည်း ကြုံရသည်။ လွတ်ပြီအထင်နှင့် မိသွားတာလည်းရှိသည်။ မိသွားပြီဆိုတာနှင့် သားရဲတွင်းထဲ ပြုတ်ကျသွားသည့် သားကောင်ပမာ။ 

သူတို့မှာ အလကားနေရင်း ကိုယ့်ဒုက္ခကို ရှာနေကြသူများမဟုတ်။ အဘယ်သူသည် မိမိ၏ အသက်နှင့်ဘဝ ဆုံးရှုံးရမည့်အဖြစ်မျိုးကို  ရွေးချယ်ချင်ပါမည်နည်း။ သို့သော် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းအတွင်း လူမဆန်သည့် ဖိနှိပ်ရက်စက်မှုတို့ ကြီးစိုးလာသည့်အခါ မိမိအပါအဝင် လူ့အဖွဲ့အစည်းကြီး တခုလုံး၏ ကြမ္မာဆိုးကို မလိုလားသည်၏အဆုံး၌ မိမိတို့၏ တာဝန်တရပ်အဖြစ် သတ်မှတ်ကာ ထိုဖိနှိပ်မှုတို့ကို ဆန့်ကျင်တိုက်ဖျက်ဖို့ မဖြစ်မနေ လုပ်ဆောင်လာကြရခြင်းဖြစ်ပါသည်။ ဆရာကြီး ဗန်းမော်တင်အောင် အတိုင်းပြောရရင်   မိမိဖြတ်သန်းကျော်လွှားနေသည့် ခေတ်ကြီးက မိမိပခုံးပေါ် ထမ်းတင်ပေးလိုက်သော တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ထိုသို့ ခေတ်ဝန်ကို ထမ်းဆောင်ရာတွင် ဘယ်‌ရွေ့ဘယ်လောက် ထမ်းဆောင်မှဟူ၍ သတ်မှတ်ထားခြင်းမရှိပါ။ မိမိတတ်နိုင်သည့် ပမာဏအပေါ် မူတည်ပြီး ထမ်းဆောင်နိုင်ဖို့သာ အရေးကြီးလှသည်။ 

နိဂုံးချုပ်ရလျှင် မိမိတို့အားလုံးသည် မိမိတို့ဖြတ်သန်းနေသော ခေတ်ကြီး ဝါ နွေဦးတော်လှန်ရေးက သယ်ဆောင်လာသော သမိုင်းပေးတာဝန်ကို  မိမိတို့တတ်နိုင်သည့်ဘက်မှ ကျေပွန်အောင်ထမ်းဆောင်ကြမှသာလျှင် နှစ်ဆယ်ရာစုတွင် နယ်ချဲ့တိုင်းတပါးတို့ကို မိမိတို့ ဘိုးဘေးတို့ မောင်းထုတ်ခဲ့သလို စစ်မိစ္ဆာများကိုလည်း မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်နိုင်မည်ဖြစ်ပေ‌တော့သည်။

တင်ဦး

//
More News
Up