ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၇ ရက်နေ့ညနေပိုင်းက စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာအတွင်းကို စစ်တပ်၊ ရဲ၊ လဝကနဲ့ မီးသတ် ၇၀ ကျော်လောက်က အိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။
“မနေ့က ည ၈န ာရီလောက်မှာ စစ်သား၊ ရဲ၊ လဝကနဲ့ မီးသတ်အင်အား ၇၀ ကျော်လောက်ပါတယ်။ အိမ်တွေကိုတော့ တအိမ်ဝင် တအိမ်ထွက် အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်။ ရွာကို လူစိမ်းတွေရောက်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးဆီမှာ တိုင်ဖို့ ပြောခဲ့တာတွေရှိတယ်။ အဖမ်းအဆီးတွေတော့ မရှိဘူး” လို့ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာတွင်လည်း မေ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲဝင် ၅၀ ကျော်လောက်က ရက္ခိုင့်တပ်တော် (ULA-AA) တာဝန်ခံတွေရဲ့ အိမ်တွေကို လိုက်လံရှာဖွေနေတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
“စစ်သားတွေက ကား ၂ စီးနဲ့ မေလ ၆ ရက်နေ့ ည ၁ နာရီလောက်မှာရောက်ကြတာ။ မေလ ၇ ရက်နေ့ မနက်ပိုင်းကတော့ ကျေးရွာက ULA တာဝန်ခံတွေကို ရှာတယ်ဆိုပြီး အိမ် ၂၀ ကျော်လောက်ကို ဝင်ရှာကြတယ်။ လူတွေအကုန်လုံး ရှောင်နေကြရတယ်။ လူကိုမတွေ့တော့ အိမ်တွေကို ဓာတ်ပုံတွေ ရိုက်သွားကြတယ်။ စစ်သားတွေ၊ ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာနေခဲ့ကြပြီး ဒီနေ့ မနက်က ပြန်သွားကြပြီ" လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့နယ်က အုပ်ချုပ်ရေးမှူး ၂ ဦးအပါဝင် ကျေးရွားသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီစစ်ဆေးမှုတွေရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်အနှံ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အင်အားတိုးချဲ့တာတွေနဲ့ ရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေသလို အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရက္ခိုင့် တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်ချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ် ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်” ဆိုပြီး မေ ၆ ရက်နေ့က တွစ်တာကနေ သတိပေးရေးသားထားပါတယ်။