စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ရွာကို မေလ ၅ ရက် ဒီနေ့ ညနေ ၃ နာရီကျော်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ရွာမီးရှို့နေတဲ့ စစ်တပ်ဟာ တန့်ဆည်နယ်၊ ကင်းရွာနဲ့ ဂရိတ်ကျေးရွာတွေဆီကနေ လေယာဉ်နဲ့ ပို့ဆောင်ထားတဲ့ စစ်တပ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ရေမြက်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်အလုံးရေ ၈၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ရေမျက်ဒေသခံတစ်ဦးက “ပထမအကြိမ်ရွာကို မီးရှို့ခဲ့တုန်းက ကျနောတို့ ရွာသား ၄ ဦးကို စစ်ကောင်စီက မီးရှို့သတ်တာတွေ လုပ်ခဲ့တယ်ဗျ။ လယ်ထွန်စက်တွေ၊ စပါးကျီတွေ၊ ပဲမျိုးတွေနဲ့ အိမ်သုံးပရိဘောဂတွေ အကုန်ရစရာမရှိအောင် မီးရှို့ခံခဲ့ရတယ်။ အခုလည်း မီးက ရှို့နေတုန်းဗျ။ မီးရှို့တာက ရွာရဲ့မြောက်ဘက်ပိုင်းက စရှို့နေကြတယ်ဗျ။ လောလောဆယ်တော့ အိမ် ၁၀ လုံး မီးလောင်နေပြီဗျ။ ပထမအကြိမ် မီးရှို့တုန်းကလည်း အိမ်ခြေ ၁၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရတယ်ဗျ။ အခုအကြိမ်ကဝောာ့ ဘယ်နှလုံးအထိ ရှို့ကုန်မယ်တော့ မသိပါဘူး” လို့ ပြောပါတယ်။
အဆိုပါရေမြက်ကျေးရွာဟာ အိမ်ခြေ ၁၄၀ ကျော်လောက်ရှိပြီး ရေဦးမြို့နဲ့ ၁၆ မိုင်လောက် ဝေးတဲ့ ကျေးရွာ ဖြစ်ပါတယ်။