ချင်းပြည်နယ် မတူပီမြို့နယ်မှာ CDM ရဲတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး မတူပီမြို့ပေါ်က မြို့ခံပြည်သူ ၇ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးနှိပ်စက်နေတယ်လို့ CDF-မတူပီက မေ ၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
“စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ပြည်သူတွေကို CDM လုပ်တဲ့ ရဲတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းတာလို့ ယူဆတယ်။ အဖမ်းခံရတဲ့ပြည်သူ စုစုပေါင်း ၇ ဦးပါဗျ။ အမျိုးသမီး ၆ ဦး အမျိုးသား ၁ ဦးပေါ့။အဲဒီ ၇ ဦးဖမ်းတယ်ဆိုတာက အကြောင်းပြချက်မရှိဘဲနဲ့ သူတို့မသင်္ကာမှုနဲ့ ဖမ်းတယ်လို့ ကျနော်တို့က သတ်မှတ်ရမယ်ဗျ” လို့ CDF-မတူပီ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
မတူပီမြို့ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဗျူဟာစခန်းက တ/၃၈၇၆၈ တပ်သား ချစ်ကိုကို နဲ့ မုံရွာအခြေစိုက် ထပရ (၉၂၉ )က တပ်သားဖြိုးမင်းတို့ဟာ BA72 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်နဲ့အတူ ဧပြီ ၂၁ ရက်နေ့က CDF-မတူပီကနေတဆင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ လက်နက် ၃ လက်ပြန်လည်ရရှိရေးအတွက် မတူပီမြို့က အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို ဖမ်းဆီးပြီး စစ်ဗျူဟာစခန်းမှာ လူမဆန်စွာ ညှဉ်ပန်းနှိပ်စက်နေတယ် ကြားသိရတယ်လို့ CDF-မတူပီ သတင်းနဲ့ ပြန်ကြားရေးတာဝန်က ပါတယ်။
ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက်တာနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ကိစ္စတွေကို CDF-မတူပီက ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီအပါအဝင် ဘယ်အဖွဲ့စည်းနဲ့မှ အပေးအယူကိစ္စကို ဆွေးနွေးမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
မတူပီမြို့နယ် မင်းတပ်-မတူပီကားလမ်းမှာလည်း ဧပြီ ၂၈ ရက်နေ့က CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နောက်နောင်မှာလည်း စစ်လက်နက် အီကွေးမန့် အပြည်စုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ပြီးတော့ လွတ်မြောက်နယ်မြေ (သို့မဟုတ်) ပြည်ပနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ ကြေညာထားပါတယ်။