DVB Logo
Home
မြန်မာသတင်း
တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ်
DVB
·
May 4, 2022
တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ်
Donate to DVB

စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီးတဲ့နောက် တယ်လီနောမိုဘိုင်းဆက်သွယ်ရေး ဆင်းကတ်တွေကို ခေါ်ဆိုမှုပိတ်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တယ်လို့ တယ်လီနောဆင်းကတ်သုံးစွဲသူတွေက ပြောပါတယ်။

နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောဆက်သွယ်ရေး လုပ်ငန်းစုက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လာတဲ့အတွက် ဆက်လက်လုပ်ကိုင်လိုမှုမရှိတော့တာကြောင့် သူ့ပိုင် တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို လက်ဘနွန် အခြေစိုက် M1 Group ထံ လွှဲပြောင်းရောင်းချခဲ့တာပါ။

ဒီ့နောက် M1 Group က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီထံ တယ်လီနောမြန်မာ ဆက်သွယ်ရေး လုပ်ငန်းစုရဲ့  ရှယ်ယာ ၈၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းခဲ့ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ဟာ စစ်ကောင်စီနဲ့ပတ်သတ်မှုရှိတဲ့ လုပ်ငန်းတွေထဲက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတာနဲ့ ကျောက်စိမ်းတူးဖော်ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူ တယောက်လည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းစုက အခုလိုဝယ်ယူပြီးတဲ့နောက် ဆက်သွယ်ရေး ဆင်းကတ်တွေကို အသုံးမပြုနိုင်အောင် တမင်ရည်ရွယ်ပြီး ပိတ်ပင်ခဲ့ကာ ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာ ဖြစ်နိုင်တယ်လို့ တယ်လီနောဆင်းကဒ် သုံးစွဲသူတွေ က ဆိုပါတယ်။

တယ်လီနောဆက်သွယ်ရေးဆင်းကတ် အသုံးပြုနေသူတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းကလေ တယ်လီနောဆင်းကတ်က ဘာဖြစ်သွားလဲ မသိဘူး။ လုံးဝကို မရတော့တာ။ အဲ့ဒါနဲ့ မှတ်ပုံတင်လုပ်ပေးတဲ့ နေရာဆီ သွားပြီးတော့ ပြန်လုပ်ရတာပေါ့။ သူတို့က မေးတယ်။ ဘယ်ဆိုင်က ဝယ်တာလဲပေါ့။ ဆိုတော့ အန်တီက ဆိုင်ကဝယ်တာ မဟုတ်ဘူး။ အပြင်ကနေပဲ မှာပြီးတော့ ဝယ်လိုက်တာပေါ့နော်။ ဘယ်လောက် ဘယ်လောက် ကျတယ်။ သုံးနေတာလည်း ကြာပြီပေါ့။ အဲဒီဆင်းကတ်က ကိုယ့်အမည်နဲ့ မှတ်ပုံတင်ပြီးသား၊ အမည်ပေါက်လည်း ရှိပြီးသား။ ကိုယ်ကလည်း အမြဲတမ်း သုံးနေတဲ့ဟာလေ။ ဒီနံပါတ်ကိုပဲ ပြန်လုပ်ပေးပါလို့ ပြောလိုက်တာပေါ့နော်။ အဲ့လို ပြောလိုက်တော့ သူတို့ကလည်း ရပါတယ်တဲ့။ ပြီးတော့ မှတ်ပုံတင်လည်း ပြလိုက်တယ်ပေါ့နော်။ ဒီတော့ သူတို့ကလည်း ဆင်းကတ်အဟောင်းကို ယူထားလိုက်ပြီး နံပါတ်တူ ဆင်းကတ် အသစ် ပြန်ပေးပါတယ်။ အဲဒီအတွက် ငွေ သုံးထောင်ကျပ် ပေးရတယ်။ ချက်ချင်းတော့ သုံးလို့ မရဘူးပေါ့။ အချိန် နည်းနည်းတော့ စောင့်ရတယ်။ အခုတော့ ဆင်းကတ်က အဝင်ရော အထွက်ရော ပြန်သုံးလို့ ရနေပါပြီ”  လို့ ဒီဗွီဘီကို ပြောပါတယ်။

တယ်လီနောသုံးစွဲသူ  လူငယ်တဦးကလည်း “တယ်လီနောဆီက မက်ဆေ့ချ်တွေ ဝင်လာတယ်။ မှတ်ပုံတင်ထားတဲ့ ID မှားယွင်းနေတယ်ဆိုပြီး အသိပေးစာတွေ ဝင်လာတယ်။ ဆင်းကတ်ကို မှတ်ပုံပြန်တင်ပါပေါ့။ တကယ်လို့ မှတ်ပုံပြန်မတင်ရင် ခေါ်ဆိုမှုတွေ ပိတ်မယ်ဆိုပြီး ပို့လာတယ်။ အမှန်က ဆင်းကတ်က မှတ်ပုံတင်ပြီးသားပါ။ အမည်ပေါက်နဲ့ လုပ်ထားတာ။ ဒါကို ဘာကိစ္စနဲ့ မှားယွင်းနေတယ် ဆိုပြီး လာပို့နေတာလဲ မသိဘူး။ ကျနော်လည်း မလုပ်နိုင်လို့။ ဒီအတိုင်းထားလိုက်တယ်။ ပိတ်ချင်လည်း ပိတ်ဆိုပြီး မသုံးတော့ဘူး။ ဆင်းကတ်ထုတ်ထားလိုက်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ မေလအတွင်းမှာ တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တယ်လီနောဆင်းကတ်အသုံးပြုသူက ၁၈ သန်းကျော် ရှိတာကြောင့် တယ်လီနောဆင်းကတ် အသုံးပြုသူတွေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအတွက် စိုးရိမ်စရာရှိပါတယ်။

ဒါကြောင့်ပဲ Justice For Myanmar အဖွဲ့က တယ်လီနောအုပ်စုဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာ ဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းကို ကျရောက်စေမယ့် အန္တရာယ် ရှိနေတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

ဆင်းကတ်တွေကို အခုလို ပြန်မှတ်ပုံတင်စေတာဟာ ကုမ္ပဏီရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာသာဖြစ်ပြီး တယ်လီနောမြန်မာ ပိုင်ရှင်ပြောင်းလဲမှုနဲ့ မသက်ဆိုင်ဘူးလို့ တယ်လီနော မြန်မာက အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013