
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် ၊ ၅၄ လမ်းနဲ့ ၁၁၇ လမ်းအနီးမှာ မေလ ၄ ရက် မနက် ၉ နာရီခွဲကျော်က ကြက်သားရောင်းတဲ့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်နေ ဦးဇော်ဆိုသူဖြစ်ပြီး သူ့ဇနီးဖြစ်သူနဲ့အတူ မြရည်နန္ဒာစျေးမှာ ကြက်သားရောင်းပြီးအပြန်လမ်းမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဈေးမှာ ကြက်သားလာရောင်းတဲ့ လင်မယားပစ်ခံရတယ်ကြားတာပဲ။ သူ့ဇနီးတော့ ဘာမှ မဖြစ်ဘူး။ သူပဲ အပစ်ခံရတာတဲ့ ။ နာရေးကူညီမှုအသင်းကားနဲ့တော့ သယ်သွားတယ်။”
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဦးဇော်မှာ စိုးရိမ်ရတဲ့ ဦးခေါင်းနောက်စေ့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတချက်ရရှိခဲ့ပြီး လမ်းဘေးမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတယောက်လည်း မစိုးရိမ်ရတဲ့ ခြေထောက်ကျည်ဖောက်ဝင် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရပြီးမကြာခင်မှာ ၅၅ လမ်း သံလမ်းဘက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပိတ်ဆို့ စစ်ဆေးနေပါတယ်။
ကြက်သားရောင်းတဲ့ ဦးဇော်ကို သေနတ်သမားက ဘာကြောင့်ပစ်ခတ်ခဲ့တယ်၊ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တာဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။