Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာရှိ မီးဘေးသင့်ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ
DVB
·
May 3, 2022

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှာ စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မီးဘေးသင့်ပြည်သူ တွေ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့  နေအိမ်ဆုံးရှုံးခဲ့ရသူတွေထံက သိရပါတယ်။

ညောင်လှကျေးရွာမှ နေအိမ်မီးလောင်ဆုံးရှုံးရသူတစ်ဦးက “ဦးလေးတို့ လတ်တလော အခက်အခဲကတော့ နေစရာစားစရာ ခက်ခဲတာပေါ့။  အိမ်တောင်မှပြန်မဆောက်နိုင်တဲ့အဆင့်ပေါ့။ မီးလောင်တာ ဘာမှ မကျန်ရစ်ဘူး။ ရှေ့ဆက်ပြီးတော့က  ကျရာ ကြုံရာဘဲပေါ့ ဘယ်လို လုပ်ရှေ့ဆက်သွားဖို့က လွယ်မှာတုန်း။” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက်က စတင်ပြီး စစ်အင်အား ၁၀၀ လောက်နဲ့  စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

အိမ်ခြေ ၉၀၀ ကျော်ရှိတဲ့ ညောင်လှကျေးရွာကိုတော့  စစ်ကောင်စီတပ်က ဧပြီ ၂၀ ရက် မနက်အစောပိုင်းက ရောက်ရှိလာပြီး မီးရှို့ခဲ့တာကြောင့် လူနေအိမ်  ၄၈ လုံး ၊ ကျေးရွာမီးသတ်စခန်းရှိ မီးသတ်ကား ၂စီးနဲ့ ကောက်ရိုးပုံတွေ မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုအချိန်မှာမီးလောင်ဆုံးရှုံးရတဲ့ နေအိမ်ပိုင်ရှင်တွေအနေနဲ့ စားဝတ်နေရေးခက်ခဲနေသလို နေစရာ အိမ်ပြန်လည်တည်ဆောက်ဖို့လည်း ခက်ခဲနေတယ်လို့ ညောင်လှကျေးရွာက နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခု အိမ်က မီးထဲပါသွားတော့ သူများအိမ် ကပ်နေရတာ။ စားစရာက အခုတော့ ဒုက္ခရောက်တာပေါ့။ ပစ္စည်းတွေက ဘာမှမပါဘူး။ ကလေးတွေနဲ့ လူအလွတ်ရုန်းရတာပေါ့။  နေစရာကလည်း ခက်ခဲတာပေါ့။ တော်တော်နဲ့တော့ ပြန်ဆောက်နိုင်မှာ မဟုတ်ဖူး။ စားဝတ်နေရေးလေးခက်ခဲနေတာပေါ့” 

ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေနဲ့လည်း လှူဒါန်းငွေရရှိမှု နည်းပါးနေတာကြောင့် စစ်ရှောင်တွေနဲ့ မီးလောင်ဆုံးရှုံးပြည်သူတွေကို ကူညီထောက်ပံ့ပေးနိုင်မှု နည်းပါးနေတယ်လို့ ဒီပဲယင်းစစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းမှာ ဧပြီ ၁၉ နဲ့ ၂၀ ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့်  လူနေအိမ် ၆၅ လုံး မီးလောင်ခဲ့ပြီး လူဦးရေ ၄၀၀ ကျော်  နေအိမ် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဒီပဲယင်းမြို့နယ် စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ ကျေးရွာ မပြန်နိုင်တော့တဲ့ အမြဲတမ်းစစ်ဘေးရှောင်တွေနဲ့ မီးဘေးသင့်ပြည်သူ စုစုပေါင်း ၁၅၀၀ ကျော်အတွက် စားနပ်ရိက္ခာကူညီပံ့ပေးနို၀င်ဖို့ ကူညီဆောင်ရွက်နေတာဖြစ်ပြီး အလှူငွေတွေ လိုအပ်လျက်ရှိတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024