လာမည့်ရာသီ တိုက်စစ်မှူး ၃ ဦး ခေါ်ယူရန် လိုအပ်ကြောင်း မန်ယူနည်းပြ ရင်းနစ်ခ်တိုက်တွန်း

မန်ယူအသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ တိုက်စစ်မှူးသစ် ၃ ဦးအထိခေါ်ယူဖို့ လိုအပ်တယ်လို့ နည်းပြ ရင်းနစ်ခ်က တိုက်တွန်းပြောသွားပါတယ်။ 

ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ယူနိုက်တက်အနေနဲ့ တိုက်စစ်မှူးသစ် ၂ ဦး၊ ၃ ဦးလောက်ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာ သိသာထင်ရှားကြောင်း ရင်းနစ်ခ်က သုံးသပ်ခဲ့တာပါ။ 

“ခရစ္စတီယာနိုရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းက နည်းပြသစ် တန်ဟတ်ချ်ကို မေးတာက ပိုကောင်းပါတယ်။ သူဟာ အသင်းရဲ့ အဓိကကျတဲ့အခန်းကဏ္ဍ မှာရှိသေးတယ်ဆိုတာ ပြသနေပေမယ့် တိုက်စစ်မှူးသစ်တချို့ ခေါ်ယူဖို့လိုအပ်တာက ထင်ရှားပါတယ်။  ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာတိုက်စစ်မှူး ၂ ဦး၊ ၃ ဦးအထိ ခေါ်ယူသင့်ပါတယ်” လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လျာထားစာရင်းမှာ စပါး တိုက်စစ်မှူး ဟာရီကိန်း၊ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်တို့ ပါဝင်နေပါတယ်။ 

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီကတော့ စီရော်နယ်ဒို၊ ဗာရန်းနဲ့ ဂျေဒန်ဆန်ချိုတို့လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူပေးခဲ့ပါတယ်။

//
More News
Up