စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ လူထုသပိတ်စစ်ကြောင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းခံရတာ ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဝက်လက် ပင်မသပိတ်စစ်ကြောင်းဟာ မေလ ၂ ရက် မနက်က ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက် ပင်မသပိတ်စစ်ကြောင်းဟာ ဝက်လက်မြို့ရဲ့ စစ်ကောင်စီတပ်တွေ အသွားအလာများတဲ့ ဗျူဟာလမ်းပေါ်ထိ တက်ကာ “မကျေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ” ပိုစတာကိုင်စွဲပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းကို ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားသမဂ္ဂတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဝက်လက်တော်လှန်ရေးတပ်ဦး (WPRF)၊ တော်ဝင်ဒေါင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ကြပါတယ်။