စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုကို မေ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိ အထူးတရားရုံးမှာ စတင်ကြားနာစစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်ကို အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ဦးမောင်ဝိတ်ကတော့ နောက်ရုံးချိန်းကျမှ ထွက်ဆိုရမှာ ဖြစ်ပါတယ်။
တရားရုံးနဲ့ နီးစပ်သူတစ်ယောက်က “ဦးမောင်ဝိတ် လှူတယ်ဆိုတဲ့ကိစ္စတွေကို စစ်တာ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မောင်ဝိတ် လှူတဲ့ကိစ္စလေ။ ဦးမောင်ဝိတ်ကို မစစ်ရသေးဘူး။ တရားလို ဦးရဲထက်ကိုပဲ စစ်နေတာ” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ NLD နဲ့ နီးစပ်သူတဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်း ပါဝင်ခဲ့ပြီး အာဏာသိမ်းခံရပြီးနောက် ၁ လအကြာမှာ ဦးမောင်ဝိတ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တခုကို စစ်ကောင်စီဝါဒဖြန့် ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီရုပ်သံဖိုင်ထဲမှာ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အလှူငွေလှူဒါန်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပထမအကြိမ် သူ လှူဒါန်းတုန်းက ဘေးမှာ အသိသက်သေလုပ်ငန်းရှင်အချို့ ရှိခဲ့တယ်လို့ ဦးမောင်ဝိတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကို ခံခဲ့ရပါတယ်။
ဦးမောင်ဝိတ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ပတ်သက်တဲ့ အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။