Home
မြန်မာသတင်း
ဆောမြို့နယ် ကျေးရွာ ၃၀ ခန့်ကို PDF က နယ်မြေစိုးမိုးထား၊ စာသင်ကျောင်း ၂၀ ခန့် ဖွင့်လှစ်နိုင်ခဲ့
DVB
·
May 2, 2022

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ကျေးရွာပေါင်း ၃၀ လောက်ကို PDF-ဆောက နယ်မြေစိုးမိုးမှုရှိထားကာ ပြီးခဲ့တဲ့ ပညာသင်နှစ်က အခြေခံပညာကျောင်းပေါင်း ၂၀ လောက် ဖွင့်လှစ်ပြီး အလယ်တန်းအဆင့်ထိ ပညာသင်ကြားပေးနိုင်ခဲ့တယ်လို့ PDF-ဆောကနေ သိရပါတယ်။

ဆောမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ ပညာရေး ဏဏ္ဍတွေကို အကောင်ထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“PDF-ဆောအနေနဲ့ ကျေးရွာပေါင်း ၃၀ လောက်ကိုထိန်းချုပ်ပြီး နယ်မြေစိုးမိုးထားတာဗျ။ ဆောမြို့ပဲ ကျန်တော့တာ။ ဆောမြို့ကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံး အနီးနားထိ ချဉ်းကပ်လို့ရတယ်။ အဲဒါ ဆောတိုက်နယ်တခုပဲ ရှိသေးတွေ ကျောက်ထုတို့၊ လောင်းရှည်တိုက်နယ်ဘက်တွေပါ ပါရင် PDF တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာပေါင်းတော်တော်များမယ်။ ဆောမြို့မှာက စစ်ကောင်စီဘက်က အထိုင်ချပြီး ခံတပ်ကုန်းတွေ တည်ဆောက်ထားတဲ့အတွက် လက်နက်အင်းမလုံလောက်လို့ မစိုးမိုးနိုင်သေတာ”။

NUG အစိုးရက ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ပညာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာမတဦးက "စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပညာရေးဝန်ထမ်းတွေ CDM ပြုလုပ်ကြလို့ စာသင်ကျောင်းတွေအမြောက်အမြား ပိတ်ထားရပြီး ပြည်သူလူထုကိုယ်တိုင်က စစ်ကောင်စီကဖွင့်တဲ့ ပညာရေးကို မသင်ကြားလိုတဲ့ အတွက် ကျောင်းသူကျောင်းသားတွေဟာ ပညာရေးနဲ့ အဆက်ပြတ်ခဲ့ကြရလို့ ပြည်သူ့ပညာရေးအစီစဥ်နဲ့ သင်ကြားပေးနေတာ” လို့ ပြောပါတယ်။

သင်ကြားတဲ့နေရာမှာလည်း သင်းရိုးညွှန်းတန်းစာ တမျိုးတည်းကို သင်ကြားပေးတာမျိုးမဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ၊ ပြင်ပဗဟုသုတတွေနဲ့ အချင်းချင်း အပြန်အလှန်ဆွေးနွေးတတ်အောင် သင်ကြားပေးသလို့ NUG အစိုးရ ​ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လေ့လာမှတ်သားပြီးမှ သင်ကြားပို့ချပေးတာလို့ ဆိုပါတယ်။

ကျောင်းသားကျောင်းသူ အရေအတွက် ၁၀၀၀ ကျော်လောက်ကို CDM ဆရာ ဆရာမတွေအပါအဝင် တက္ကသိုလ် ဝန်ထမ်းအောင်မြင်ပြီးသူ စေတနာ့ ဝန်ထမ်းအရေအတွက် ၂၀၀ နီးပါးနဲ့ သင်ကြားပေးနေတာပါ။ အခု ပညာသင်နှစ်မှာလည်း စာသင်ကျောင်းတွေ ထပ်မံတိုးချဲ့ဖွင့်လှစ်မှာဖြစ်သလို တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးမှာဖြစ်လို့ အထက်တန်းပြ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူအရေအတွက် ပိုးတိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ကလေးငယ်တွေနဲ့ ဆရာဆရာမတွေ အေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ လုံခြုံရေးအစီမံအနေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို ကျေးရွာအလိုက် ကင်းချထားပြီး စစ်ကောင်စီစစ်ကြောင်း သတင်းတွေကို လက်ဦးမှုရယူကာ ဘေးကင်းလုံးခြုံတဲ့နေရာတွေကို အမြန်ဆုံးပို့ဆောင်ပေးနိုင်ဖို့ စီစဥ်ထားတယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024