DVB Logo
Home
မြန်မာသတင်း
ရွှေဂေါင်းပြောင် ကာတွန်းရုပ်သံ တကျော့ပြန်လာမည်
DVB
·
March 12, 2014
ရွှေဂေါင်းပြောင် ကာတွန်းရုပ်သံ တကျော့ပြန်လာမည်
Donate to DVB

ကာတွန်းအောင်အောင်ရဲ့ နာမည်ကြီး ရွှေဂေါင်းပြောင်ကာတွန်းဇာတ်လမ်းတွဲတွေကို ဗွီဒီယို ပြန်လည်ရိုက်ကူးပြီး ရုပ်သံလိုင်းတွေကနေတဆင့် ရှေ့လတွေမှာ ထုတ်လွှင့် ပြသသွားတော့မှာ ဖြစ်ပါတယ်။

တချိန်က မြန်မာပြည် ရုပ်ပြကာတွန်းလောကမှာ လူကြိုက်များ ထင်ရှားခဲ့ဖူးတဲ့ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်လမ်းတွေကို လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရုပ်သံအဖြစ် အသက်သွင်းပြီး မြ၀တီ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့ရာမှာ ၂၀၀၇ သံဃာအရေးအခင်းမှာ ရွှေဂေါင်းပြောင်နဲ့ တိုက်ဆိုင်တဲ့ အကြောင်းတခုကြောင့် ရပ်ဆိုင်းခံခဲ့ရပါတယ်။

ShweGung Pyaung2ခုတဖန် ရွှေဂေါင်းပြောင် ကာတွန်းတွေကို သရုပ်ဆောင်သစ်တွေနဲ့ ဒါရိုက်တာ လွတ်လပ်အိမ်က ရုပ်သံအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူးနေတာပါ။

လက်ရှိ ပြည်တွင်းရုပ်သံကြည့် ပရိသတ်တွေအနေနဲ့ တရုတ်၊ ကိုရီးယားသူရဲကောင်း ရာဇ၀င်ဇာတ်လမ်းတွဲတွေပဲ ကြည့်နေရတဲ့အတွက် မြန်မာ သူရဲကောင်းတွေကို ရိုက်ကူးပြသတာ ဖြစ်တယ်လို့ ဒါရိုက်တာ လွတ်လပ်အိမ်က ပြောပါတယ်။

“ရွှေဂေါင်းပြောင်ဆိုတာကလည်း ၁၉၇၀ လောက်ကတည်းက ကျနော်တို့ ကလေးဘ၀ကတည်းက ရိုက်ခဲ့တဲ့ ရုပ်ပြဇာတ်လမ်းတွေပေါ့။ အင်မတန်လည်း နာမည်ကြီးတဲ့ ကာတွန်းဇာတ်ကောင်တွေဖြစ်တော့ အဲဒါကို ဦးတည်ပြီး ရိုက်ဖြစ်တာပေါ့။ ကိုယ့်ဒေသနဲ့ ပတ်သက်တဲ့ တချို့ ဒဿန လေးတွေကို ဘယ်ဟာ မှန်တယ် မှားတယ်ဆိုတာ စဉ်းစားတတ်တဲ့ အကျင့်ကို ကလေးမှာလည်း ရစေချင်တာလည်း ပါတာပေါ့။ ကလေးတွေအတွက် အဓိက ဦးတည်ရိုက်တဲ့ သဘောပါ။”

ကာတွန်းအောင်အောင်က ရွှေဂေါင်းပြောင်ဇာတ်လမ်း ၅၀ နီးပါး ရေးသားခဲ့ပြီး ဇာတ်လမ်းအပိုင်းအနေနဲ့ ၁၀၀ နီးပါး ရိုက်ကူးသွားနိုင်ကြောင်း၊ အခု ၄ ကား ရိုက်ကူးဖို့ စီစဉ်ထားသလို ဇာတ်လမ်းအပိုင်းအနေနဲ့ ၂၀ နီးပါး ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ရှေ့မှာ ရိုက်ကူးပြီးသား ၃ ကားရှိပြီ ဖြစ်တဲ့အတွက် ရုပ်သံလိုင်းတွေ ညှိနှိုင်း အဆင်ပြေတာနဲ့ စတင်ပြသနိုင်တော့မှာဖြစ်ပါတယ်။

ပရိသတ်အနေနဲ့ ဒီဇာတ်လမ်းတွေကို စိတ်ဝင်စားမှု ရှိသလို အရင်က ဇာတ်ကား ၂ ပိုင်း ပြသခဲ့ဖူးပြီးတဲ့နောက် ကလေးတွေအနေနဲ့ လမ်းပေါ်မှာ ရွှေဂေါင်းပြောင် လုပ်တမ်း ကစားနေတာ တွေကို ကြုံဖူးတယ်လို့ ဒါရိုက်တာ လွတ်လပ်အိမ်က ပြောပါတယ်။

ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရွှေဂေါင်းပြောင်ဇာတ်လမ်းတွေက တကျော့ပြန်၊ မေတ္တာကွက်လပ်၊ စုံနံ့သာမြိုင်၊ တခွန်းသူကိုပြောလိုက်ပါ တို့ဖြစ်ပြီး ညီညီမင်းထက်၊ ကျော်ဝင်းထွဋ်၊ စိုင်းသီဟ၊ ရဲမင်းတို့က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရွှေဂေါင်းပြောင်ကာတွန်းဇာတ်လမ်းတွေကို တချိန်ကလည်း အဖြူအမဲရုပ်ရှင်အဖြစ် မင်းသား တိုးညွန့်နဲ့ ရိုက်ကူး အောင်မြင်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013