အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် မသန်စွမ်း ဟစ်ဟော့အကပညာရှင်

ဗီနွတ် တာကွတ်ဟာ မွေးလာကတည်းက ခြေထောက်မပါပဲ မွေးလာတဲ့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် ဟစ်ဟော့အကပညာရှင် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက နာမည်ကျော် “India’s Got Talent” အိန္ဒိယရဲ့ စွမ်းဆောင်မှုများ ဆိုတဲ့ စွမ်းရည်ပြ ရုပ်သံလိုင်းတခုမှာ ပါဝင်ခွင့်ရခဲ့ပြီး အိန္ဒိယနိုင်ငံမှာ တဟုန်ထိုး နာမည်ကျော် လူသိ များလာခဲ့ပါတယ်။ India_Limbless_Dancer_web_140308_672မသန်စွမ်းလူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်တဲ့ အကသင်တန်းကျောင်း တခုကိုလည်း သူကိုယ်တိုင် ဖွင့်လှစ်ထားပါတယ်။ မဟာဝိဒရာလာယာအကနဲ့ ဂီတသင်တန်းကျောင်းဟာ နယူးဒေလီမြို့ရဲ့ မြို့ပတ် အမြန်ရထား ဘူတာရုံတခုနားမှာ ရှိပါတယ်။ ကျောင်းသားအချို့ကို သင်တန်းကြေး မယူဘူးလို့ ကျောင်းကို ပူးတွဲထူထောင်သူ တဦးဖြစ်တဲ့ ခရစ်နာ ဘတ်ရှုမာတာရီ ကဆိုပါတယ်။ "မသန်စွမ်းကလေးတွေနဲ့ ဆင်းရဲတဲ့မိသားစုက လာတဲ့ကလေးတွေဆို ဒီကျောင်းက သင်တန်းကြေး မယူပါဘူး။ ပိုက်ဆံပေးနိုင်တဲ့သူတွေကိုပဲ သင်တန်းကြေး ကောက်ခံပါတယ်။” အသက် ၂၁ နှစ် အရွယ် လူငယ် ပရာမွတ်ဟာ ကလေးဘ၀မှာ ပိုလီယိုဖြစ်ခဲ့ပါတယ်။ သူဟာ ပိုလီယိုရောဂါ ဖြစ်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ပုံစံနဲ့ ဘယ်လိုကရမလဲဆိုတာ ဒီသင်တန်းမှာ လာသင်တာဖြစ်ပါတယ်။ "လူတွေကထင်ကြတယ်။ ကျနော်က မသန်စွမ်းဆိုတော့ ကျနော့်ဘ၀မှာ ကျနော် လုပ်နိုင်တာ မရှိတော့ဘူးပေါ့။ တကယ်တော့ ဒါတွေက အကောင်းမမြင်တာပါ။ ကျနော်ကတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်းပေမယ့်၊ ကိုယ့်ကိုယ်ကိုယ်တော့ ဂုဏ်ယူပါတယ်။ ကျနော်ရဲ့ အားနည်းချက်ကနေ အားသာချက်ကို ပြောင်းယူတယ်။ တကယ် ကချင်ရင်၊ တကယ် ကချင်တဲ့ နှလုံးသားရှိဖို့ပဲ အရင်လိုပါတယ်။ ခြေထောက်ဆိုတာ နောက်မှပါ။ ဗီနွတ်က သူ့ရဲ့ သန်စွမ်းတဲ့ လက်တွေနဲ့ ကပုံကနည်းတွေကို ပြသပါတယ်။" ဒီအကသင်တန်းကျောင်းကို ထူထောင်ခဲ့သူ အသက် ၂၆ နှစ်အရွယ် ဗီနွတ်က “ကျနော်ဟာ မွေးကတည်းက ခြေထောက် မပါခဲ့ပါဘူး။ ဒါကြောင့် ကျနော့် မိသားစုတွေက ကျနော့်ရဲ့ အနာဂတ်အတွက် အတော်ကို ပူပန်ခဲ့ကြပါတယ်။ ဘုရားက အကုန်လုံး အဆင်ပြေအောင် မပေးပေမယ့် ပေးတဲ့အရာကျတော့လည်း တကယ်ကို စွမ်းဆောင်နိုင်အောင် ပေးပါတယ်။ တခုပဲ ရှိပါတယ်။ အဲဒီ ဘုရားပေးတဲ့အရာကို တွေ့အောင်ရှာနိုင်ဖို့ပဲ" လို့ ပြောပါတယ်။ ဗီနွတ်ဟာ ငယ်ငယ်လေးကတည်းက အက၀ါသနာပါခဲ့ပါတယ်။ ပြီးတော့ အရင်က မိုဘိုင်းဖုန်းပြင်သူ တယောက်လည်း လုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ သူငယ်ချင်းတွေက စွမ်းရည်ပြ တီဗွီရှိုးမှာ ၀င်ပါ ကြည့်ပါလားလို့ တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီကစပြီး သူ့ဘ၀ ပြောင်းလဲတော့တာပါပဲ။ ၂၀၁၀ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ စွမ်းရည်ပြပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအဆင့်ထိ ရောက်ခဲ့ပါတယ်။ အဲဒီကတည်းကစပြီး ခြေထောက်မဲ့ ဘရိတ်အကသမားဆိုပြီး လူသိများလာခဲ့ပါတယ်။ ဗီနွတ်က “ကျနော်ကိုယ်ကျနော် ခြေထောက် မပါသူတယောက်လို့ တခါမှ မယူဆပါဘူး။ ကျနော်မှာ ခြေထောက် မရှိပေမယ့် ကျနော့်လက်တွေ ရှိတာပဲ။ အရင်က ကျနော် အားကစားတွေမှာ တော်တော် စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း ကျနော် တဖြည်းဖြည်းနဲ့ အကဘက်ကို စိတ်ပါလာပါတယ်။ ဒါနဲ့ တီဗွီကပွဲမှာ ဟစ်ဟော့ အကသမားအဖြစ် ၀င်ပြိုင်ဖြစ်တာပါ။ နောက် ကျနော် တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့လိုနေရာတွေက တကယ့်ရှိုးပွဲတွေမှာလည်း ပါခဲ့ပါတယ်” လို့ ပြောပါတယ်။ သူဟာ တောင်ကိုရီးယားတို့၊ ထိုင်ဝမ်တို့လို နိုင်ငံတွေက တီဗွီရှိုးတွေမှာလည်း သွားရောက် ပြသခဲ့ပါတယ်။ အဲဒီမှာ သူကျော်ကြားလာပြီး ဒီနိုင်ငံက သတင်းစာတို့၊ ရုပ်မြင်သံကြားတို့မှာ ထိပ်တန်းက ပါတော့တာပါပဲ။ ၂၀၁၃ မှာ တခြား မသန်စွမ်းကလေးတွေကို အကသင်ဖို့ သူ့ရဲ့ ကိုယ်ပိုင်သင်တန်း ကျောင်းတခုကို ထူထောင် ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီမှာ အက ၀ါသနာပါသူတယောက်ဖြစ်တဲ့ သူ့ရဲ့ချစ်သူ ရတ်ကရှာနဲ့ စပြီး ဆုံတွေ့ခဲ့ပါတယ်။ ရတ်ကရှာက “ကျမတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုစခဲ့လဲတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဒီကျောင်းမှာပဲ ပထမဆုံး သူနဲ့ ဆုံတွေ့တယ်။ အဲဒီအချိန်ကတည်းက သူ တီဗွီမှာ တော်တော် နာမည်ကြီးနေပါပြီ။ အဲ့ဒီအချိန်ကတည်းက ကျမလည်း သူ့ရဲ့ပရိသတ်တဦးပါ။ အဲဒါနဲ့ ကျမလည်း သူ့ရဲ့သင်တန်းကျောင်းမှာ လာတက်ဖြစ်ပါတယ်။ သင်တန်းကျောင်းမှာ သူဟာ ဘယ်သူ့ကိုမှ အားမကိုးတာ တွေ့ရတယ်။ ပြီးတော့ သင်တန်းသားတွေကို ကူညီတယ်။ အဲဒီလို တဖက်သားကိုကူညီတဲ့ သူ့ရဲ့ သဘောထားကို ကျမ ချစ်တာ” လို့ ပြောပါတယ်။ အိန္ဒိယ ပုဂ္ဂလိကရုပ်မြင်သံကြားလိုင်းတလိုင်းက သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို သိသွားပြီး သူတို့နှစ်ယောက်အတွက် လက်ထပ်ပွဲကို တိုက်ရိုက်ထုတ်လွင့်ဖို့ စီစဉ်ပါတော့တယ်။ သူတို့ရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေအားလုံး သူတို့ရဲ့လက်ထပ်ပွဲကို တက်ရောက်ချီးမြှင့်ခဲ့ကြတာ သူတို့တောင် အံ့သြခဲ့ကြတယ်။ ပထမတော့ နှစ်ဖက်မိဘတွေက သူတို့လက်ထပ်ဖို့ကို သဘောမတူခဲ့ကြပါဘူး။ “သူဘယ်သွားသွား၊ ကျမအမြဲလိုက်တယ်။ ကျမ မပါပဲနဲ့ သူ့ကို ဘယ်မှ သွားခွင့် မပြုပါဘူး” လို့ ရတ်ကရှာက ပြောပါတယ်။ ဗီနွတ်က “ဒါမှ အချစ်စစ်လို့ ခေါ်တာ၊ အိမ်သာ သွားရင်တောင် တယောက်တည်း သွားခွင့်မပြုဘူး” လို့ ပြောပါတယ်။ အခုတော့ အကတီဗွီလိုင်းမှာ သူတို့စုံတွဲနှစ်ဦး အတူပါဝင်နေကြပါပြီ။ သူ့အကသင်တန်းကျောင်းမှာ ဆိုရင် ကျောင်းသား ၈၀ မှာ ၂၀ ၀န်းကျင်ဟာ မသန်စွမ်းတွေ ဖြစ်တယ်လို့ ဗွီနွတ်က ပြောပါတယ်။ "မသန်စွမ်းကလေးတွေကို စွမ်းသလောက်ကူညီပေးနိုင်ဖို့ အိန္ဒိယမသန်စွမ်းသူများရဲ့ စွမ်းရည်ရှာဖွေရေး ရန်ပုံငွေအဖွဲ့ကို ထူထောင်ထားပါတယ်။ သူတို့ကို မသန်စွမ်းသူတွေလို့ ကျနော် မခေါ်ပါဘူး။ သူတို့ကို ထူးခြားစွမ်းရည်တွေကို ပိုင်ဆိုင်တဲ့ ကလေးတွေလို့ပဲ ခေါ်ပါတယ်။" ဒီကျောင်းမှာ ဟစ်ဟော့အက နဲ့ အနောက်တိုင်းအက သင်ချင်လို့ လာတက်တဲ့ ကျောင်းသားသစ် နေ့တိုင်း ရှိပါတယ်။ တနေ့မှာ အကပညာရှင် တယောက်ဖြစ်ဖို့ ရည်မှန်းထားတဲ့ အသက် ၁၄ နှစ်အရွယ် ချေတညာကလည်း “သူတို့ကတာကို ကြည့်ဖူးပါတယ်။ သူတို့ ကတဲ့ပုံစံကို ကြိုက်လို့ သူတို့ဆီမှာ လာသင်တာပါ” လို့ ပြောပါတယ်။ ဂျစဗင်းဒါ ဆီးဟဂလ်က အာရှဒေသသတင်းအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

//
More News
Up