ပဲခူးတိုင်း၊ ပြည်မြို့၊ မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီးက ညဈေးတန်းက ဆိုင်ခန်းတွေကို ဧပြီ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လုံခြုံရေးအင်အားသုံးပြီး စက်ယန္တရားတွေနဲ့ ဖြိုဖျက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ညဈေးတန်းကို စစ်ကောင်စီခန့် ပြည်ခရိုင်ပြန်ကြားရေးဦးစီးမှူးက ဦးဆောင်ကာ ရဲကားတွေ၊ စစ်ကားတွေနဲ့ အင်အား ၂၀-၃၀ လောက်က လမ်းကိုပိတ်ပြီး ဖြိုဖျက်နေတာလို့ ဆိုပါတယ်။
“ဘက်ဟိုးတွေနဲ့ဖျက်ချတာ၊ မနေ့ကတည်းကတော့ အသံကြားထားတယ်၊ ပြန်ကြားရေးကလည်း စာပို့ထားတယ်ပြောတာပဲ။ အခုကိစ္စက အရင် NLD အစိုးရလက်ထက်မှာကတည်းက ဖျက်ဖို့လုပ်ကြသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ တရားရုံးမှာဖြေရှင်းဖို့အတွက် ပြန်ပြီးဆုံးဖြတ်ပေးလိုက်ပြီး၊ သိပ်မကြာခင် စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ အဲ့ဒိအမိန့်က အကောင်အထည်မပေါ်တော့ဘဲ အခုလို တခါတည်းဖျက်ဖို့ စီစဥ်လိုက်ကြတာ။ အဲ့ဒိနေရာမှာ နေထိုင်သူတွေက ပြန်ကြားရေးဌာနကနေ ငှားထားကြတာ၊ အနှစ် ၃၀ မကတော့ဘူး သူတို့နေနေတာ။ အခန်းတွေကို အပျောက်စနစ်နဲ့ ဝယ်ထားကြတဲ့ကြားက ကန်ထရိုက်က လူလည်ကျသွားတော့ သူတို့ဘက်က ဥပဒေအရ အားနည်းသွားကြတာပေါ့။ အဲ့ဒီတော့ အခုလို အနိုင်ကျင့်ခံရပြီး နှင်ထုတ်ခံတာကို ဖယ်မပေးလို့ အခုလို ဘူဒိုဇာနဲ့ ထိုးချနေတာ” လို့ ပြည်မြို့နယ်တရားရုံး ရှေ့နေတယောက်က ပြောပါတယ်။
ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးတဲ့အဖွဲ့ထဲက တယောက် ထိခိုက်ဒဏ်ရာရတာ ရှိခဲ့လို့ အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်လို့ သိရပါတယ်။
ညဈေးတန်း ဖြိုချက်ဖျက်ဆီးတဲ့နေရာမှာ ရဲမှူး၊ ရဲ၊ ရဲမေ အင်အား ၂၀ ကျော်လောက် လမ်းဘေးပက်လက်ဖောင်းပေါ်မှာ လက်နက်အပြည်နဲ့ စောင့်ကြည့်နေပြီး အနားမှာ အချုပ်ကားလည်း အသင့်ထားရှိတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညဈေးနေရာဟာ မြို့လယ်ဖြစ်နေတာ၊ လမ်းကြပ်တာ၊ ဌာနဆိုင်ရာရုံးတွေ များတာကြောင့် ပြီးခဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ညဈေးတန်းကို ကမ်းနားလမ်းဘက် ရွှေ့ပြောင်းထားလိုက်ပြီလို့ စစ်ကောင်စီခန့် ပြည်စည်ပင် အမှုဆောင်အရာရှိတဦးက ပြောပါတယ်။
အဲ့ဒီကတည်းက ညဈေးအနေနဲ့ ဆက်လက်ထွက်ခွင့်မပြုတော့ဘဲ ပိတ်ထားရာကနေ ဒီနေ့မှာတော့ ဆိုင်တွေကို စက်ယန္တရားတွေနဲ့ လိုက်ဖျက်နေတာလို့ ဆိုပါတယ်။
အခုဖျက်တဲ့နေရာက ပြည်ပြန်ကြားရေးရုံးပိုင် အဆောက်အဦတွေဖြစ်ပြီး ဆိုင်ခန်း ၁၄ ခန်းဖြစ်ပါတယ်။ ပြည်ဆောက်လုပ်ရေးရုံးပိုင် အဆောက်အဦတွေတော့ ကျန်နေသေးပြီး ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၀င်းဘေးက ဆိုင်ခန်းတွေကိုလည်း နို့တစ်စာပေးပို့ ရွှေ့ပြောင်းခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။