“စစ်ရှောင်အားလုံးက ကျန်းမာရေး၊ စားသောက်ရေး စိုးရိမ်စရာတွေချည်းပဲ” ကယန်းလူမှုကယ်ဆယ်ရေးကော်မတီဝင်

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခု ဧပြီလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အခုဆိုရင် တနှစ်ရှိလာနေပါပြီ။

တိုက်ပွဲတွေကြောင့် ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေက ဒေသခံ လူပေါင်း ၂ သိန်းနီးပါးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တချို့တိုက်ပွဲ စဖြစ်တဲ့ဒေသ ပြည်သူဆိုရင် ထွက်ပြေးတိမ်းရှောင်တာလည်း ၁ နှစ်လောက် ရှိနေပြီဖြစ်သလို တချို့ကတော့ လေး ငါး ခြောက်လရှိနေပြီး တချို့ဆိုရင် သူတို့ရွာတွေ၊ သူတို့ ဒေသတွေမှာ နေထိုင်ရာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရသလို တချို့က လက်နက်ကြီး ထိမှန်ပျက်စီးတာတွေ ရှိတဲ့အတွက် ပြန်စရာနေရာတွေပါမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

တခါ အခု မိုးဦးကျနေလို့ ထွန်ယက်စိုက်ပျိုးရမယ့်အချိန်ရောက်လာပြီ ဖြစ်ပေမယ့် သူတို့ဝမ်းစာအတွက် ဘာတွေ ဆက်လုပ်ရမလဲဆိုတာ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပြီး စားဝတ်နေရေးအတွက် ပူပန်နေကြရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကယန်းဒေသ လူမှုကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင် ခွန်းရာဇာမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အခုနောက်ဆုံး စစ်ရှောင်တွေရဲ့ အနေအထားဘယ်လိုရှိလဲ။ နောက်ဆုံးအခြေအနေလေး ပြောပြပေးပါလား။

ဖြေ။ “အခုက သွားလိုက် ပြန်လိုက် အဲလိုမျိုးပဲ ဖြစ်နေတယ်။ မိုးဗြဲအုပ်စုလည်း ပြန်လိုက်၊ ပြန်လို့မရတဲ့ အုပ်စုလည်း ဒီမှာရှိနေကြတယ်။ ပြန်လို့လုံးဝမရတဲ့ အုပ်စုကကျတော့ ဒီဝါရီဆုပလိုင် ကျေးရွာတို့လိုမျိုးပေါ့၊ ပြီးတော့ ကုန်းသာ အဲဘက် ဒီးမော့ဆိုအနောက်ခြမ်းဘက်က အုပ်စုတွေပေါ့။ အခုက အခက်အခဲက သူတို့ စိုးရိမ်တာက ဒီသီးနှံစိုက်ပျိုးချိန်ပြန်ရောက်လာပြီ၊ အဲဒါ ပြန်စိုက်လို့မရဘူးဆိုလို့ရှိရင် ဘယ်လို ရှင်သန်ကြမလဲဆိုတဲ့ ပုံစံမျိုး အယောက်တိုင်းလိုလို ပြောနေကြတယ်။ အခု သီးနှံစိုက်ချိန် ပြန်ရောက်လာပြီပေါ့နော်။ တောင်ယာတွေ၊ လယ်တွေ ပြန်ထယ်ရမယ့်အချိန်တွေ ရောက်လာပြီပေါ့။ ပြောင်းတွေဘာတွေ ပြန်စိုက်ရမယ့်အချိန်မှာ အခုကလည်း ပြောင်းတွေက အပင်ရှည်ဖြစ်တဲ့အတွက် မစိုက်ခိုင်းတာတွေလည်း ရှိတယ်ပေါ့နော်။ စကစ ကနေပြီးတော့ပေါ့။ တချို့ကတော့လည်း လယ်ထဲ ယာတွေထဲမှာ လက်နက်ကြီးကျပြီး မကွဲတဲ့ဟာတွေရှိတယ်။ လယ်တွေ ပြန်ထယ်၊ ပြန်ထွန်ရင်လည်း အဲမှာ ထပ်ကွဲတာလည်း ရှိတာပေါ့နော်။ ပြန်ဖြစ်မှာလည်း ကြောက်တယ်။ တချို့ကျတော့လည်း အသက်စွန့်ပြီးတော့ ထယ်နေတာတွေလည်း ရှိတာပေါ့နော်။ ထယ်လို့ရတဲ့ဟာ၊ ပြီးတော့ အဓိက သူတို့ စိုးရိမ်တာက သီးနှံတွေ ပြန်စိုက်လို့မရတော့မှာကို ပိုပြီး စိုးရိမ်တယ်။”

မေး။ အခုအနေအထားက လုံးဝ ပြန်လို့မရတဲ့အနေအထားလား ဘယ်လိုမျိုးလဲ။

ဖြေ။ “ဒီ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကတော့ ပြန်လို့ကိုမရသေးတာ၊ ပြီးတော့ ပြန်ရင်လည်း တော်တော်များများက မိုင်းတွေ ထောင်ထားတဲ့အခါကျတော့ ပြန်လို့ အဆင်မပြေဘူးပေါ့နော်။ တချို့က ရိက္ခာပြန်ခူးရင်လည်း တွေ့ရင် တွေ့တဲ့နေရာပစ်တာပဲ အဲလိုမျိုးတွေရှိတယ်။”

 မေး။ ဒီလိုမျိုးအနေအထားဆိုတော့ ဒီနှစ်က စိုက်ရပျိုးရမယ့် အနေအထားကော ရှိနိုင်ပါမလား။

ဖြေ။ “အဲဒါကို ကျနော်တို့လည်း စိုးရိမ်တယ်။ စိုက်ပျိုးနိုင်ပါ့မလားပေါ့။ အဓိကက ဒီမိုးဗြဲတော့ နည်းနည်း စိုက်ပျိုးရနိုင်တယ်၊ ဒီးမော့ဆိုဘက်တော့ စိုက်ပျိုးနိုင်ဖို့ကတော့ မသေချာတော့ဘူးပေါ့နော်။”

မေး။ ပြီးခဲ့တဲ့နှစ်က စပြီးထွက်ပြေးကြရချိန်မှာ လက်စ တောင်ယာတွေရှိတယ်၊ ရိတ်သိမ်းချိန်မှာ တချို့ပြန်ရိတ်ရတာတွေရှိတယ်။ ဒီနှစ်က ဘယ်လိုအနေအထားမျိုးလဲ။

ဖြေ။ “ဟုတ်တယ်၊ အခုက အရင်တနှစ်ကဆိုတောင်မှ စိုက်ပြီးသားဟာလည်း အကုန်မရိတ်မသိမ်းလိုက်ရတဲ့ဟာတွေရှိတယ်။ ဒီနှစ်က ထပ်မစိုက်ရဘူးဆိုလို့ရှိရင်တော့ အများကြီး ပိုပြီးတော့ အကျပ်အတည်း ဒုက္ခတွေ ရောက်နိုင်တယ်။”

မေး။ ဆိုတော့ တချို့အခုဏက ပြောသလို ဝါရီဆူးပလိုင်တို့လို ရွာတွေမှာ အိမ်တွေ မီးရှို့ခံရတာတွေရှိတော့ လူတွေကကော ဘယ်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ စားဖို့သောက်ဖို့အတွက်ကော အခုလောလောဆယ်အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ “အကုန်လုံး ဒီဘက်ခြမ်းမှာဆိုရင်ဖယ်ခုံရောပေါ့၊ သူတို့ ဆိုင်ရာဆိုင်ရာ သွားတဲ့ အုပ်စုတွေလည်း ရှိတယ်ပေါ့။ သူတို့နီးစပ်ရာ ပင်လောင်းတို့၊ တောင်ကြီးတို့၊ အများအားဖြင့်က အနောက်ကယန်းဘက်ကို လာခိုလှုံကြတာ ရှိတယ်။ စားရေးသောက်ရေးက ဒီဘက်မှာက ကျနော်တို့ ကယန်းဒေသ လူမှုကယ်ဆယ်ရေး ကော်မတီရှိတယ်၊ အဲဒီကနေပြီးတော့မှ ကျနော်တို့ အခုဆိုလို့ရှိရင် ဆန်တခုတည်းပဲ ဖြေရှင်းပေးတာရှိတယ်။ တချို့သော ပုဂ္ဂလိက အလှူရှင်တွေ၊ တချို့သော အဖွဲ့အစည်းတွေ ကူညီတဲ့သူရှိတယ်ပေါ့။ ကျနော်တို့  KRC အနေနဲ့ကတော့ ဆန်တမျိုးပဲပေါ့နော်။ ဆန်တမျိုးတောင်မှ တလကို နှစ်ပတ်စာလောက်ပဲ ကူညီနိုင်တော့တဲ့ ပုံစံဖြစ်တာပေါ့။ ဆန်နဲ့ဆားလောက်ပဲ၊ ဆီတွေ ဘာတွေလည်း မပေးနိုင်တော့ဘူး။ အခု ဆီ ၅၀ သားဆိုရင် ၅၀၀၀ ဖြစ်သွားပြီပေါ့နော်။ ရောနောဆီတွေကအစ အကုန်လုံး ဈေးတက်ကုန်တော့ ကုန်ဈေးနှုန်းလည်း အရမ်းမြင့်တယ်။ ပြီးတော့မှ ဆီဈေးတွေလည်း အရမ်းတက်တယ်။ စက်သုံးဆီရော၊ စားတဲ့ဆီတွေရောပေါ့နော်။ ကျနော်တို့ဆိုရင်လည်း ဆန်တမျိုးလောက်ပဲ ကူနိုင်တော့တယ်။ ဒီမှာလည်း သူတို့ ထပ်မစိုက်ရတော့ဘူးဆိုရင်တော့ စိုးရိမ်စရာ ဖြစ်သွားပြီပေါ့နော်။”

မေး။ စစ်ရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေကကော အခုလောလောဆယ် ဘယ်လိုအနေအထားမှာ ရှိလဲ။

ဖြေ။ “ကျန်းမာရေးအခြေအနေကျတော့လည်း ဆိုးတယ်ဗျာ။ ကျနော်တို့ဆိုရင် ဆေးဝါးလည်း မရှိဘူးပေါ့နော်။ ဆေးဝါးမရှိဘူး။ လက်လှမ်းမီမှုလည်းမရှိဘူး။ ဝယ်လို့လည်း အဆင်မပြေကြဘူး။ ပြီးတော့ ဈေးကြီးတာလည်း တကြောင်းပေါ့။ အခု ကျန်းမာရေး အခြေအနေ မပြောလို့၊ တနေ့ကပဲ ဒီဆေးဝါး လက်လှမ်းမမီလို့ ဆုံးသွားတဲ့ ဦးလေး တယောက်ရယ်၊ အဒေါ်နှစ်ယောက်ရယ် ရှိတာပေါ့။ ဦးလေးတယောက်ဆိုလို့ရှိရင် လွိုင်ကော် ပန်ကန်းဘက်ကနေ ရှောင်လာတာပေါ့။ သူ အမြဲသောက်သုံးနေရတဲ့ဆေးက ဒီဘက်မှာမရှိဘူး။ ကျနော်တို့ မှာနေရင်း တန်းလန်းမှာပဲ သူ ဆုံးသွားတယ်ပေါ့နော်။”

 မေး။ တခြား ဘယ်လိုအခက်အခဲတွေ ရှိသေးလဲ။

ဖြေ။ “ကျနော်တို့ ဒီဘက်မှာ အဓိက အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိကြဘူးပေါ့နော်။ စစ်ရှောင်တွေက ဒီတိုင်းပဲနေတော့ သူတို့လည်း စိုးရိမ်ကြတယ်။ အိမ်လည်း ပြန်လို့မရတော့ဘူး။ ဒီမှာနေတော့လည်း ဘာမှလည်း လုပ်လို့မရဘူး။ လုပ်စရာလည်းမရှိဘူး။ ကြာကြာလာတဲ့ အခါကျတော့ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်လာပြီ။ အကုန်လုံးက ကျန်းမာရေး အခြေအနေအရရော၊ စိတ်ကျန်းမာရေး အခြေအနေအရရော၊ စားရေးသောက်ရေးအတွက်ရော စိုးရိမ်စရာတွေချည်းပဲဖြစ်နေတယ်။”

မေး။ အခုလောလောဆယ် ဖြစ်နေတဲ့ အခြေအနေအရ ဒီစစ်ပွဲကြီး ပြီးဖို့အလားအလာ ဘယ်လိုမြင်လဲ။

ဖြေ။ “စစ်ပွဲပြီးဖို့ အလားအလာက ကျနော်တို့တော့ မမြင်ဘူးပေါ့နော်။ ကြာတော့ ကြာဦးမယ်လို့တော့ မြင်တယ်။ ဒါပေမဲ့ ဒီကာလမှာပဲ ကျနော်တို့ ဖြစ်စေချင်တာက ကယ်ဆယ်ရေးပိုင်းကနေပြီးတော့မှ တနေရာ တဒေသလောက်ကို ကွက်ချန်ပြီးတော့မှ စစ်မဲ့ဇုန်ပဲဖြစ်ဖြစ် တနေရာရာလောက် စိုက်ပျိုးလို့ရအောင် ဥပမာ ဖယ်ခုံမြို့ဆိုရင်လည်း ဖယ်ခုံမြို့ပေါ့၊ ကရင်နီပြည်လို့ ပြောလိုက်ရင် ဖယ်ခုံမြို့ဆိုရင် ဖယ်ခုံမှာ စစ်ရေးတွေ ဘာတွေ မဖော်ဘဲနဲ့ ပြည်သူလည်း ပြန်လုပ်ကိုင်စားသောက်လို့ရအောင် ပုံစံမျိုးတွေက သက်ဆိုင်ရာတွေက နည်းနည်းစဉ်းစားပေးဖို့တော့ ကျနော်တို့ လိုချင်တယ်ပေါ့နော်။”

//
More News
Up