ပြန်ပေးဆွဲ ဓားပြတိုက် အကြိုက်တွေ့နေတဲ့ မင်းအောင်လှိုင်တပ်

မကြာသေးခင်ရက်ပိုင်းက ငယ်သူငယ်ချင်းတယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်ကြတယ်။ သူက ကျနော်တို့ ဇာတိရပ်ရွာမှာ ဘဝကို ကျစ်ကျစ်ပါ စိုက်ထားသူ။ ကျနော်တို့ ဇာတိမြေက မွန်ပြည်နယ်ထဲ အလှုပ်အခတ်တွေ သိပ်နည်းလွန်းလှတဲ့မြို့မို့ အေးအေးဆေးဆေးပဲလို့ ထင်ရတယ်။

သူငယ်ချင်းကတော့ အေးဆေးတယ်လို့ မမြင်။ မြို့မှာ PDF လှုပ်ရှားမှု သိပ်မရှိတော့ လိုင်းကြေးပေးထားတဲ့ လောင်းကစားဝိုင်းတွေက နေ့စဉ် အကြီးအကျယ်။ မူးယစ်ဆေးဝါးတွေ ပဲကြီးလှော်ဝယ်သလို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်လို့ရလာတဲ့အထိ ဖြစ်ချင်တိုင်းဖြစ်လို့။

‘အဆိုးဆုံးကတော့ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ပြီး ပြန်ပေးဆွဲနေတာပဲ’ လို့ သူငယ်ချင်းက စိတ်ပျက်လက်ပျက် ပြောပြတယ်။

သူငယ်ချင်း ပြောတဲ့အထဲမှာ ကျန်တာတွေ နားရှင်းပေမဲ့ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ပြီး ပြန်ပေးဆွဲတာကိုကျ သိပ်နားမလည်။ ဒါနဲ့ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ပြီး ပြန်ပေးဆွဲနည်းကို ရှင်းအောင် နောက်တခေါက် ထပ်မေးရတယ်။

အဲဒီပြန်ပေးဆွဲမှုကို အဓိကလုပ်နေတာက ရဲတွေ။ သူတို့က သူတို့မွေးထားတဲ့ ဒလန်တွေနဲ့အတူ နွေဦးတော်လှန်ရေးသတင်းတွေတင်တဲ့ အကောင့်တွေကို စီးပွားဖြစ် စောင့်ကြည့်နေခြင်း ဖြစ်တယ်။ ကျနော်တို့ ကျေးလက်မှာက ကိုယ့်နာမည်အရင်းနဲ့ ဖေ့စ်ဘွတ်ခ်သုံးသူ နည်းတာမို့ တင်တဲ့သူ ဘယ်သူလဲဆိုတာ ဓာတ်ပုံတွေတင်မှသာ သိလေ့ရှိတယ်။ ဓာတ်ပုံမတင်သူတွေကိုကျတော့ ကိုယ့်ရပ်ရွာသားချင်းသာ သိတာမို့ ဒလန်တွေရဲ့ အခန်းကဏ္ဍဟာ တော်တော့်ကို အရေးပါတယ်။

ပြီးတော့ အဲဒီဒလန်တွေက သတင်းပေးနိုင်လေ၊ ရဲတွေအတွက် ရပေါက်ရလမ်းဖြောင့်လေမို့ ရဲတွေကိုယ်တိုင်က သတင်းပေးနိုင်တဲ့ ဒလန်တွေကို အလေးထား ဆက်ဆံလေ့ရှိတယ်။ ဒလန်တွေကလည်း ရဲတွေ သဒ္ဓါသလောက် ခွဲတမ်းရပါတယ်တဲ့။

သတင်းပေးဒလန်က ဒီအကောင့်ပိုင်ရှင် ဒီလူ ဒီသတင်းကို ရှဲတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ရေးပဲဖြစ်ဖြစ် သူ့ပေချ့်မှာ တင်ထားကြောင်း အခိုင်အမာ စကန်ဖတ်ထားနိုင်ပြီဆို ရဲက အဲဒီလူကို ကောက်ဖမ်း၊ ဖုန်းစစ်၊ ဝန်မခံရင် ရိုက်နှက်။ ပြီးရင်တော့ မင်းထောင်ထဲသွားမလား၊ ငွေပေးမလားလို့ တည့်တည့်မေးလိုက်တယ်။

မိသားစုဝင်တွေက ကိုယ့်လင် ကိုယ့်သား အဖမ်းခံရပြီဆိုတော့ ပြာယာခတ်နေတဲ့အချိန်။ တွေ့ခွင့်ရမလားလို့ ရဲစခန်းလာရင် လုပ်စားနေကျ ရဲတွေက မျက်နှာကြောအတင်းကြီးတွေနဲ့ ‘ဒါ နိုင်ငံရေးမှု၊ တွေ့ခွင့်မရှိဘူး' ဆိုပြီး မကြောက် ကြောက်အောင် ထပ်ဖြဲတယ်။ အချုပ်ထဲ ရောက်နေသူကလည်း ထောင်ထဲသွားရမယ့် အနေအထားမို့ စိတ်ဓာတ်ရေးရာအရ ပြိုကျနေချိန်။

‘ငါ့ကောင်ရေ၊ တောင်းတာ ပက်စက်တယ်။ သိန်း လေး ငါးဆယ် တောင်းတာ။ ငါ ကြားတာလောက်နဲ့ လျှောက်ပြောနေတာမဟုတ်ဘူး။ ငါ သေချာရင်းနှီးတဲ့ တ‌ယောက်၊ နှစ်ယောက် သိန်း ၃၀ နဲ့ ဈေးတည့်ပြီး ပြန်လွတ်လာတယ်’ လို့ သူငယ်ချင်းက ဆက်ပြောတယ်။

သူငယ်ချင်းပြောတဲ့ သူတို့မြို့က ပြန်ပေးဆွဲမှုက အဲဒီလို။ အာဏာသိမ်းကာလ တနှစ်ကျော်အတွင်း သူတို့မြို့မှာ တာဝန်ကျတဲ့ ရဲနဲ့ စစ်တပ်အရာရှိတွေဟာ PDF ကင်းစင်သလောက်နီးနီးမြို့မို့ သာသာယာယာ။ လောင်းကစား၊ မူးယစ်ဆေးလိုင်းကြေးနဲ့ ပြန်ပေးဆွဲငွေ စုစုပေါင်းလိုက်ရင် တိုက်ဆောက် ကားစီးနိုင်သွားပြီလို့ သူက ဆက်ပြောတယ်။

‘ငါတို့ဆီက ရဲတွေက သိပ်ပရော်ဖက်ရှင်နယ် ဆန်လွန်းတယ်။ မင်းအောင်လှိုင်ကိုလည်း ထောက်ခံတာ မဟုတ်ဘူး။ နိုင်ငံရေးတွေ ဘာတွေလည်း ခေါင်းထဲမထည့်ဘူး။ သူတို့က ဖြစ်နေတဲ့ အခြေအနေကနေ ငွေရအောင် ဖန်တာ’ လို့ သူက ထပ်ပြောတယ်။

မင်းအောင်လှိုင် အာဏာသိမ်းမှ ကြားခဲ့ဖူးတဲ့ ပြန်ပေးဆွဲမှု။ အရင်အာဏာရှင် နှစ်ဆက်တုန်းက အဲဒီလို ပြန်ပေးဆွဲမှုမျိုး မကြားခဲ့ဘူးလေတော့ အာဏာရှင်ဖြစ်ဖို့ ဇောချွေးပြန်နေရတဲ့ မင်းအောင်လှိုင် လက်ထက်ကျမှပဲ အင်မတန်မှ အောက်တန်းကျလေတဲ့ ပြန်ပေးဆွဲခြင်း။ ပြန်ပေးဆွဲမှုတွေက တနိုင်ငံလုံး အနှံ့ပါပဲ။ အများဆုံးကြားရတဲ့ ပြန်ပေးဆွဲမှုကတော့ နိုင်ငံရေးမသင်္ကာမှု တခုခုနဲ့ဖမ်း၊ ကိုယ့်နားဝန်းကျင် ပေါက်ကွဲမှုတခုခုဖြစ်ရင် ဖမ်း။ ပြီးတော့ ပိုက်ဆံပေးနိုင်မှ ပြန်လွှတ်။ ဒီလောက်ခက်ခဲနေတဲ့ ကာလမှာ ငွေပေးရတာက အနည်းဆုံး ၁၅ သိန်းပတ်လည် ဆိုတာချည်း။

အခု ဒီစာကို ရေးနေတဲ့အချိန်မှာပဲ သတင်းတပုဒ် ဖတ်လိုက်ရတယ်။ သင်္ကြန်အကြိုနေ့တုန်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ထဲ ဇွဲတွန်ဂိတ်က စစ်သားတွေ အတိုက်ခံရတာ။ PDF တွေက နေ့ခင်းကြောင်တောင်ကြီး အလစ်အငိုက်မှာ တိုက်တာ။ ပြီးတော့ PDF တွေက သူတို့တိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်ကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတာဆိုတော့ ဒီတိုက်ခိုက်မှုမှာ ဘယ်သူတွေပါသလဲလို့ မပြောနိုင်ရင်တောင် ဘယ်သူတွေတော့ မပါလောက်ဘူးလို့ အကြမ်းဖျင်းပြောနိုင်တဲ့ အနေအထား။ အတိုက်ခံရတဲ့ ညရောက်တော့ ဇွဲတွန်ရွာသား ကလေး၊ လူကြီးမကျန် လမ်းမပေါ် ဒူးထောက်ခိုင်းပြီး နောက်တခါ အခုလို အပစ်ခံရရင် ရွာပါပျောက်သွားမယ်လို့ စစ်တပ်က အလွတ်ကြီး ခြိမ်းခြောက်တဲ့အပြင် ရွာသား ၂၅ ယောက်ကို ကဝရဲစခန်းနဲ့ အုန်းနှဲရဲစခန်းကို ဖမ်းသွားတာ ခုထိ ပြန်မလွှတ်သေးပါတဲ့။

အဲဒီတိုက်ခိုက်မှုနဲ့ အဲဒီရွာသားတွေ ဘာမှမဆိုင်မှန်း သိသိကြီးနဲ့ ဖမ်းဆီးသွားကြတာ။ ဘာကြောင့်ဖမ်းသလဲဆိုတော့ ဖြစ်နိုင်ခြေအရှိဆုံးက ပြန်ပေးဆွဲတာ။ ပိုက်ဆံမှမပေးရင် ပြန်လွှတ်ပေးမယ့်ပုံ မပေါ်။ ကဲ… ဘယ်လောက် အောက်တန်းကျလိုက်လေသလဲ။

အဲဒီလို ပြန်ပေးဆွဲတဲ့ ပုံစံမျိုးက နွေဦးတော်လှန်ရေး အဦးပိုင်းကာလ ဆန္ဒပြတဲ့သူတွေကို အဖမ်းအဆီးများလာတဲ့ အချိန်ကတည်းက စတင်ခဲ့တယ်။ စတင်ဖမ်းဆီးတဲ့ အချိန်မှာတော့ စစ်သားတွေက ထုံးစံအတိုင်း ဖမ်းဆိုတော့ မည်းမည်းမြင် အကုန်လျှောက်ဖမ်းတယ်။ ဖမ်းလို့မိသမျှ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) တွေက စစ်ဆေးပြီး ထောင်ထဲထည့်တယ်။

နောက်ပိုင်း ထောင်ထဲထည့်ရတာ များလာတော့ ဖမ်းလို့မိသမျှ ထောင်ထဲ အကုန်လျှောက်ထည့်ခြင်းဟာ နိုင်ငံတကာအမြင်မှာ နိုင်ငံရေးအကျဉ်းသား ကိန်းဂဏန်း များလာခြင်းကြောင့် ဖိအားပိုလာတာသာ အဖတ်တင်မှန်း သဘောပေါက်လာတယ်။ ဒါ့ကြောင့် စစ်သားတွေဖမ်းသမျှ စရဖက စစ်ဆေးပြီးနောက် သာမန် ဆန္ဒပြရင်း အဖမ်းခံရတဲ့သူလို့ ယူဆတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တယ်။

အဲဒီလို ပြန်လွှတ်ပေးတာဟာ နေပြည်တော်က ကျလာတဲ့အမိန့် ဖြစ်နိုင်ပေမဲ့ အဲဒီအမိန့်ကို စရဖနဲ့ နယ်မြေခံရဲတွေက ငွေရပေါက်ရလမ်းအဖြစ် ဖန်တီးယူကြတော့တယ်။ စရဖက စစ်ကြောရေး ပြီးပြီးနောက် ပြန်လွှတ်ပေးဖို့ ရည်ရွယ်ထားတဲ့သူတွေကို နယ်မြေခံရဲစခန်းပြန်ပို့။ နယ်မြေခံရဲတွေက ငွေပေးမလား၊ ပြန်လွှတ်ပေးမယ်လို့ ညှိ။

ရဲစခန်းအချုပ်ထဲ ရောက်နေသူက သူ့ကို ပြန်လွှတ်ပေးမယ်ဆိုတာ မသိ၊ တချို့လည်း မိသားစုက အထိုက်အလျောက် တတ်နိုင်သူ၊ မိသားစုဝင်တွေရဲ့ ဆန္ဒကလည်း ထောင်ထဲမဝင်စေချင်တော့ အောက်တန်းစားတွေရဲ့ အောက်လမ်းနည်းထဲ ညှိရနှိုင်းရတော့တယ်။ ကြားဖူးသမျှ ၁၅ သိန်းလောက်ကနေ သိန်း လေး ငါးဆယ်အထိ။ ဒါဟာလည်း ပြန်ပေးဆွဲ ငွေညှစ်နည်းတမျိုး။

နောက်တမျိုးကျတော့ သေနတ်အားကိုးနဲ့ ဓားပြတိုက်တဲ့သဘော။ အဲဒါကိုလည်း အာဏာသိမ်းပြီး သိပ်မကြာခင် ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီး စစ်ဆေးရင်း အိမ်ထဲက လက်ဝတ်လက်စားနဲ့ ငွေတွေကို ဗြောင်ဓားပြတိုက်သွားတာကနေ စတင်ခဲ့တာပါပဲ။

နောက်ပိုင်းကျတော့ ချိပ်ပိတ်လိုက်တဲ့အိမ်တွေနဲ့ PDF လို့ ခေါင်းစဉ်တပ်ခံရတဲ့ အိမ်ဆိုရင် စစ်တပ်နဲ့ ရဲတို့က လိုချင်တာ အကုန်ဝင်ယူပြီးတဲ့အပြင် မလိုချင်တာမှန်သမျှကိုလည်း ဖျက်ဆီးပစ်ခဲ့ကြတယ်။ တပြိုင်တည်းမှာပဲ ကျေးလက်တွေဆီ စစ်တပ်က ဝင်စီးတဲ့အချိန်မှာ တံခါးပိတ်ထားတဲ့အိမ်တွေထဲ ချိုးဖျက်ဝင်၊ အိမ်ထဲမှာ လိုချင်တာ မွှေနှောက်ယူငင်၊ မလိုချင်တာ ဖျက်ဆီး။ ဒါ့ထက် ပိုကံဆိုးတဲ့ ရွာတွေကျ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ။ အဲဒီလို ဓားပြတိုက် မီးရှို့ခြင်းကို အကြမ်းဖက်စစ်တပ်ရဲ့ ပြုမြဲကျင့်ဝတ်ပမာ နိုင်ငံအနှံ့ ပြုမူခဲ့ကြတယ်။

Data for Myanmar ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ် မေလကစပြီး ဧပြီ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ နေရာပေါင်း ၂၅၄ နေရာမှာ ပြည်သူတွေရဲ့ နေအိမ်စုစုပေါင်း ၉,၁၈၇ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်။ အဲဒီလို ရွာတွေထဲဝင် သတ်ဖြတ်တာတွေ၊ အိမ်တွေထဲဝင် လုယက် ဖျက်ဆီးတာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေကို မြန်မာတင်မက နိုင်ငံတကာကပါ သိရှိနေပေမဲ့ ဒီနေ့ထိတိုင် ပြုမြဲအတိုင်း ပြုနေခြင်းဟာ နေပြည်တော်ညွှန်ကြားချက်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သိသာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ပြန်ပေးဆွဲ ငွေညှစ်ခြင်းနဲ့ လူသတ် လုယက် မီးရှို့ခြင်းဟာ ရှေ့အာဏာရှင်နှစ်ဆက်တုန်းကလည်း ရှိကောင်းရှိနိုင်ပေမဲ့ အခုလို မဟာဗျူဟာမြောက် လုပ်ရပ်မျိုး မဟုတ်တာတော့ သေချာပါတယ်။

အဲဒါကို နောက်တမျိုးဆိုရရင် မြန်မာအာဏာရှင်တွေဟာ သက်တမ်းရင့်လာလေ ပြည်သူအပေါ် ရက်စက်ယုတ်မာမှု ကမ်းကုန်လေပါပဲ။

အဲဒီကိုပဲ နောက်တလှမ်း ဆက်တွေးလိုက်ရင် မြန်မာမြေပေါ်မှာ စစ်အာဏာရှင်တွေကို ဒီနွေဦးတော်လှန်ရေးမှာ အပြီး မြေလှန်ပစ်ရမယ်လို့လည်း အဖြေထွက်ပါတယ်။

ထွန်းလင်း

//
More News
Up