မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံတပ်က အရာခံဗိုလ် တယောက်ကို ဧပြီ ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်က ပုသိမ်ကြီးမြို့နယ် အရှေ့ဘက် ရွာတွေဘက်သွားတဲ့ လမ်းပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မန္တလေး မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
မန္တလေး မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခံရတဲ့ အရာခံဗိုလ်ဟာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၉၊ ခမရ ၁၁၆၊ ခမရ ၄ တို့ရဲ့ ပူးတွဲရုံးအုပ်ကြီးလို့ သိရပြီး လက်ရှိအချိန်မှာ မန္တလေး နန်းတွင်းဆေးရုံမှာ ဆေးကုမှု ခံယူနေတယ်လို့ သိရပါတယ်။
"သေနတ်နဲ့ ၅ ချက်ပစ်လိုက်တာဆိုတော့ အချိန်မီ မကယ်နိုင်ရင်တော့ သေနိုင်ပါတယ်။ သေစေနိုင်တဲ့ နေရာတွေနဲ့ လွဲခဲ့ရင်တော့ မပြောတတ်ဘူးပေါ့။ အခု မြောင်းဘောင်ဘေးက ရွာတွေကို စစ်(--) တွေ ဝင်မွှေနေတယ်။ ပုသိမ်ကြီးဘက်မှာလည်း စစ်(--) တွေ တပ်လှန့်ထားတယ်" လို့ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ဗီးနစ်က ဒီဗွီဘီကို ပြောပါတယ်။
ဆက်လက်ပြီး သူက "ကျနော်တို့က မန္တလေး UG တွေ ဖြစ်တဲ့အတွက် မန္တလေးက ပြည်သူတွေကို တော်လှန်ရေးကို မမေ့ကြဖို့ ပြောချင်ပါတယ်။ မြို့ပေါ်မှာဆိုရင် လက်ချိုးရေလို့ရတဲ့ လူအနည်းစုကပဲ တော်လှန်ရေးမှာ ပါနေကြပြီး တခြား လူအများစုက ပုံမှန်အတိုင်း နေထိုင်သွားလာနေကြတယ်။ တော်လှန်အသိရှိပြီး တတ်နိုင်တဲ့ဘက်က ပါဝင်ပေးစေချင်ပါတယ်။ မြေပြင်သတင်းပေးတာပဲ ဖြစ်ဖြစ်၊ ပုန်းခိုစရာပေးတာနဲ့ စားစရာပေးတာပဲဖြစ်ဖြစ် ပါဝင်ပေးကြပါ" လို့ တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၂၅ ရက်က မန္တလေး မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြင်းခြံ ခရိုင်ချင်းဆက်လမ်းမှာ ပျူစောထီး ၂ ယောက်ကို ရှင်းလင်းခဲ့ပြီး သေနတ်အတို ၂ လက် ရရှိခဲ့တယ်လို့ သိရပါတယ်။