ရန်ကုန်မြို့ကို နွေရာသီ မီးမပြတ်အောင်ပေးမည်
DVB
·
March 10, 2014
အခုနှစ် နွေရာသီ ရန်ကုန်ကို လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးသွားဖို့ ကြိုးစားမှာ ဖြစ်ပြီး လိုအပ်ရင် ဒီဇယ်ဆီသုံး အရေးပေါ် မီးစက်တွေကိုလည်း တည်ဆောက်ပြီး ဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။
မတ်လ ၇ ရက်နေ့ သာကေတမှာ ဂျပန် အစိုးရက ဒေါ်လာ ၈ သန်းနီးပါး အကုန်အကျခံ တည်ဆောက်ပေးတဲ့ ၁၃ မဂ္ဂါဝပ် ဒီဇယ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာပါ။
ဒီ စက်ရုံသုံးဖို့အတွက် ဂျပန်အစိုးရက ဒေါ်လာ ၈ သန်းဖိုး နီးပါးတန်တဲ့ ဒီဇယ်ဆီ ၁ ဒဿမ ၉ သန်း အကူအညီ ပေးဦးမှာဖြစ်ပြီး ရေအားနဲ့ ဂက်စ်တာဘိုင်တွေက လျှပ်စစ် မလုံလောက်ရင် အဲဒီ ဒီဇယ်စက်တွေသုံးပြီး မီးပေးသွားမယ်လို့ ၀န်ကြီးက ပြောပါတယ်။
လက်ရှိ အစိုးရဟာ အလုံမှာ မဂ္ဂါဝပ် ၁၂၀ ရှိတဲ့ ဂက်စ်တာဘိုင် တလုံး၊ သာကေတ၊ ရွာမ၊ လှော်ကားမှာ မဂ္ဂါဝပ် ၅၀ စီ ထွက်တဲ့ ဂက်စ်တာဘိုင် သုံးလုံး တည်ဆောက်နေပြီး ရန်ကုန်ကို မီးလုံလုံလောက်လောက် ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။