ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့က NLD ပါတီရဲ့ လွှတ်တော်အမတ်ဖြစ်သူ ဦးသက်ပိုင်စိုးကို မတွေ့တာကြောင့် ဇနီးဖြစ်သူနဲ့ အသက် ၁၀ လအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ငပုတောမြို့နယ်ထဲက ကညင်ချောင်းကျေးရွာမှာ သွားရောက်တိမ်းရှောင်နေတဲ့ ဦးသက်ပိုင်စိုးရဲ့ ဇနီးဖြစ်သူနဲ့ သမီး ၂ ယောက်အပါအဝင် အိမ်နီးနားချင်း ဒေသခံတွေကို စစ်ကောင်စီတပ်သား တွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကိုသက်ပိုင်စိုးရဲ့ မိန်းမရော ကလေး ၂ ယောက်ရောဖမ်းတဲ့။ ပြီးတော့ အိမ်ဘေးက ဦးလေးနဲ့ သူ့မိန်းမနဲ့ ကလေးကိုပါ ထပ်ဖမ်းသွားတာ အဆက်သွယ်မရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဦးသက်ပိုင်စိုးကို မတွေ့တာကြောင့် ရပ်ကွက်ထဲက ဒလန်တယောက်ရဲ့ သတင်းပေးမှုကြောင့် ဝင်ရောက်ရှာဖွေချိန်မှာ ခုလိုမျိုး အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ငပုတောမြို့နယ် NLD ပါတီရဲ့ လွှတ်တော်အမတ်ဖြစ်သူ ဦးသက်ပိုင်စိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံရလို့ တိမ်းရှောင်နေရသူတဦးဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေက ဦးသက်ပိုင်းစိုးရဲ့ မိသားစုဝင်တွေ အပါဝင် ၆ ဦးကိုဖမ်းဆီးခဲ့ပြီး ၃ ရက်ကြာတဲ့အထိ အဆက်သွယ်မရသေးတာကြောင့် ကလေးငယ်လည်း ပါဝင်သွားလို့ စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။