Home
မြန်မာသတင်း
တွေ့ဆုံဆွေးနွေးရေး စစ်ခေါင်းဆောင်ကမ်းလှမ်းမှု ထွက်ပေါက်ရှာလှည့်ဖြားခြင်းဖြစ်ဟု ဗိုလ်နဂါး ပြော
DVB
·
April 25, 2022

အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တွေ့ဆုံဆွေးနွေးဖို့ပြောဆိုတာဟာ စစ်ရေးအရ တကိုယ်ရေထွက်ပေါက်ရှာဖို့ အသနားခံ လှည့်ဖြားတာလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။ 

စစ်ခေါင်းဆောင်က  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဧပြီ ၂၂ ရက်နေ့ ပြောဆိုခဲ့ပေမယ့် စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်က သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုပါ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးမယ်လို့ ဆိုပေမဲ့ တနိုင်ငံလုံးက PDF တွေနဲ့တော့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်တွေကို ကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင်ဟာ ခေတ်မီလက်နက်တွေကိုင်ဆောင်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပဲ အလေးထားပြီး ပြည်သူတွေကို ကိုယ်စားပြုတဲ့ PDF တွေကို အလေးမထားတာပေါ်လွင်နေတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ဗိုလ်နဂါးက ပြောပါတယ်။ 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကို ကောင်းကောင်းစီမံအုပ်ချုပ်နိုင်တာမျိုးမရှိဘဲ တပြည်လုံးအတိုင်းအတာနဲ့ပြည်သူတွေက တော်လှန်ကြတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ညှိနှိုင်းပြီး သူတို့ရဲ့တကိုယ်ရေထွက်ပေါက်ကိုရှာဖို့လှည့်ဖြားတာသာဖြစ်တယ်လို့ ဗိုလ်နဂါးက သုံးသပ်ပါတယ်။

"မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့သူက စစ်ရေးညံ့ဖျင်းမှု စီမံခန့်ခွဲတာ ညံ့ဖျင်းမှုတွေကြောင့် နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ စစ်ရေးပြဿနာ ဘာကိုမှ  မဖြေရှင်းနိုင်တော့ပါဘူး။ ကျနော်တို့ကိုသနားရင် တခါလောက်ထပ်ပြီး ဆိုးခွင့်ပေးပါလို့ EAOs တွေကို တောင်းပန်လိုက်တဲ့ ပုံစံမျိုးပဲ။ လှည့်ဖြားတော့တာပဲ။ ဒီအချိန်မှာ စစ်ကောင်စီအားနည်းနေတဲ့အပေါ်မှာ ပြည်သူလူထုက ကောင်းကောင်းမွန်မွန် ပါးပါးနပ်နပ်နဲ့ သုံးသပ်နိုင်ပြီးတော့  ရေသာခိုစိတ်သမားတွေရော တွေဝေနေသူတွေရော အားလုံးက တပြိုင်နက်တည်း ပူးပေါင်းလက်တွဲကြပြီး စစ်ကောင်စီကို အားလုံးတွန်းလှဲကြဖို့ကောင်းပြီ။ ပြည်သူလူထုက ပါးပါးနပ်နပ်နဲ့ အခုအချိန်မှာ ကူတဲ့သူကကူ၊ တိုက်တဲ့သူကတိုက်ဆိုရင် ဒီတမိုးမှာတော့ စစ်ကောင်စီက ပြတ်ပြတ်သားသားကို အမြစ်ပြတ်သွားလိမ့်မယ်လို့ ကျနော်တော့ထင်တာပဲ။"

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးမယ်ဆိုပေမဲ့ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတာပါ။ 

PDF တွေကိုယ်တိုင်ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးချင်စိတ်မရှိသလို သူတို့ဘက်က ဆွေးနွေးချင်တယ်ဆိုရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး ဆွေးနွေးဖို့လိုတယ်လို့ ဗိုလ်နဂါးက ဆက်ပြောပါတယ်။ 

PDF တွေဘက်ကတော့ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်သွားဖို့ ဆုံးဖြတ်ချက်ချပြီးဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

ဗိုလ်နဂါးက "တကယ်တမ်းမှာလည်း ကျနော်တို့ PDF တွေကို ဆွေးနွေးစရာမလိုပါဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေရှိတယ်။ အဲ့ဒါကိုဆွေးနွေးလိုက်ရုံပဲ။ တကယ်က သူတို့ စေတနာထားမယ်ဆို ပြည်သူထက်ပိုပြီးတော့ ဒီတိုင်းပြည်မှာ ဘယ်သူကအရေးပါဦးမှာလဲ။ တိုင်းပြည်ကို စေတနာထားရင် ပြည်သူကိုပဲ သူတို့ဆွေးနွေးရမယ်။ ပြည်သူကိုကိုယ်စားပြုတဲ့သူတွေကိုပဲ ဦးတည်ဆွေးနွေးရမှာပဲလေ။ လက်နက်ကိုင်အဖွဲ့တွေကိုပဲ ဆွေးနွေးမယ်ဆိုတာက စစ်ရေးအရ သူတို့တကိုယ်ရေ သူတို့အဖွဲ့အစည်း ထွက်ပေါက်ရှာဖို့ဆွေးနွေးတဲ့ ဝိုင်းဖြစ်လို့ သူတို့က လက်နက်ကိုပဲအလေးထားတယ်၊ ပြည်သူကိုအလေးမထားဘူးဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို ဖော်ပြလိုက်တာလို့ မှတ်ချက်ချတယ်။"

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် မြေပြင်မှာတော့ လက်ရှိအချိန်အထိ အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်လုပ်ဆောင်နေတုန်းပဲဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ နေအိမ်တွေကို အကြမ်းဖက်မီးရှို့တာ၊ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ပြည်သူတွေက သူတို့အာဏာသိမ်းတာ ကိုလက်မခံရင် လူမျိုးတုံးသတ်ဖြတ်ပြီး အနိုင်ကျင့်ဗိုလ်ကျမယ်ဆိုတဲ့ နည်းလမ်းကို အသုံးပြုနေတာလို့ စစ်ကိုင်းတိုင်းဒေသခံတယောက်က ပြောပါတယ်။

"ဒီပဲယင်းအရှေ့ခြမ်းမှာ စစ်ကောင်စီတပ်တွေက ဧပြီ ၂၁ ရက်နေ့က မဲအိုးရွာမှာ ၀င်ပြီးတော့အိမ်တွေမီးရှို့တယ်။ စပါးတိုက်တွေနဲ့ အကုန်မကျန် မီးရှို့ဖျက်ဆီးတယ်။ ထွက်မပြေးနိုင်တဲ့ အဘိုးကြီးတယောက်ရယ်၊ အဘွားတယောက်ရယ်ကို ရွာအပြင်မှာ ပစ်သတ်ပြီးထားခဲ့တယ်။ ရွှေဘိုခရိုင်၊ မင်းဆွေနှစ်ရွာထဲမှာ ကလေး၉ယောက် မီးရှို့ပြီးအရှင်လတ်လတ် သတ်ခံရတယ်။ အခုလတ်တလောဖြစ်လက်စဆိုရင် မပြေးနိုင်တဲ့ အဘိုးကြီးဆိုရင် အိမ်ထဲမှာတင် အရှင်လတ်လတ်ပစ်သတ်ခံရတယ်။ လွတ်ရာလွတ်ကြောင်းပြေးနေတဲ့သူကို ရှာဖွေပြီး အရှင်ရှင်လတ်လတ် ပစ်သတ်တယ်။ ဒါတွေက လူမျိုးတုံး သတ်ဖြတ်မှုကိုညွှန်းတာပဲ။  PDF တွေ အားကောင်းတဲ့နယ်မြေတွေကို ထောက်ပံ့တဲ့နယ်မြေဆိုပြီး စစ်ကောင်စီက  ရွာတွေမီးရှို့ပြီး သက်ကြီးရွယ်အိုပါမချန်သတ် ဖြတ်သွားတယ်လို့ ထင်တယ်။"

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးကနေ လုံးဝထွက်ခွာမယ်ဆိုမှ တွေ့ဆုံဆွေးနွေးတာမျိုးဖြစ်လာနိုင်မယ်လို့ စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကို တုံ့ပြန်ထားပါတယ်။ 

ကရင်နီဒေသ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း စစ်ကောင်စီယန္တရားအားလုံး ရပ်တန့်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက အတိုင်းအတာတခုအထိ ထိန်းချုပ်လာနိုင်တဲ့အတွက် စစ်ကောင်စီက စစ်ရေးအရ ထွက်ပေါက်ရှာလာတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ 

နိုင်ငံတဝန်းက PDF တွေကိုတော့ စစ်ကောင်စီက အသိအမှတ်မပြုသေးဘဲ ခေတ်မီလက်နက်ကိုင်ဆောင်ပြီး အင်အားတောင့်တင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြံစည်လာတာလည်းဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024