ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာရှိ ဒေသခံ ဦးနေဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဧပြီ ၂၂ ရက် မနက် ၁ နာရီလောက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"စစ်ကောင်စီတပ်တွေက ဦးနေဝင်းရဲ့အိမ်ကို မီးမရှို့ခင် သေနတ်ပစ်ဖောက်သံ ၅ ချက်ခန့် ကြားရပြီး တဝင်း ထဲရှိ အိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဦးနေဝင်းဟာ ဒလန်အိမ်အနီး ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူ ၃ ဦးထဲက တဦးပါ။ ဖမ်းဆီးခံထားရတာ ၁ လခွဲနီးပါး ကြာနေပြီ ဖြစ်ပေမဲ့ အခုအချိန်ထိ ဘယ်သူ့သတင်းမှ မကြားရသေးဘူး။"
ပဲရင်းတောင်ရွာမှာ မတရား ဖမ်းဆီးခံရသူ ၁၈ ယောက်ကျော်ရှိပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ရွာငံမြို့အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး နွားဘန်ကြီးကျွေးရွာအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၃၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရလို့ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေကြရပါတယ်။