Home
မေးမြန်းခန်း
“မွေထိုင်းကို နံပါတ် ၁ ဖြစ်ချင်တယ်” ကယန်းကျားသစ်မယ် ဘရော်နီကာနှင့် DVB မေးမြန်းချက်
DVB
·
April 21, 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ၁၇ ရက်ညက ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့မယ် ဘရော်နီကာ  (Vero V.Rujirawong)က ထိုင်းလက်ဝှေ့မယ်  ယင်မ်ဆီရမ်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာအနိုင်ရသူ့ရဲ့ မျှော်မှန်းချက်နဲ့ပတ်သက်ပြီးတော့ ဘရော်နီကာကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ပြီးခဲ့တဲ့ ရက်ပိုင်းက မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး စက္ကန့်ပိုင်းမှာပဲ အလဲထိုး အနိုင်ရှိသွားခဲ့တယ်။ အဲဒီတော့ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ထိုးသတ်ဖို့ ဘယ်လိုစပြီး ချိတ်ဆက်မိလဲ၊ ပြီးတော့ ဒီပြိုင်ပွဲမှာ  အနိုင်ရသွားတာနဲ့ ပတ်သက်ပြီး  အရင်ပြောပြပေးပါလား။

ဖြေ။ “အရင်တုန်းက ကျမ Trainer လုပ်တော့ ကျမကို ကူညီတဲ့ customer တယောက်ရှိတယ်။ ဒီအချိန်မှာ နိုင်ငံရေးကလည်း မကောင်းဘူး၊ နင် ဘယ်လိုလုပ်ချင်လဲဆိုပြီး အဲလိုမျိုးသူက လာပြီးကမ်းလှမ်းတာ၊ ကျနော် ပြန်ကစားချင်တယ်လို့ သူ့ကိုပြောတော့ သူက ထိုင်းကို အနီးအနား ကစားလို့လွယ်မယ့်နေရာမျိုးပေါ့နော်၊ အဲဒါ ပို့ပေးတယ်။ ပို့ပေးတော့ Tiger Gym မှာ ကျနော်တို့ အရင်ဆုံး ပိုက်ဆံပေးပြီး join ကစားရတာပေါ့။ အဲဒါနဲ့ ဆရာတွေက ကိုယ်ကို ကြည့်ပြီး သဘောကျတော့ ပွဲထိုးမလားဆိုပြီး‌တော့ သူတို့က လှမ်းမေးတယ်။ အဲဒါထိုးမယ်၊ ပွဲထိုးချင်တယ်ဆိုပြီး မွေထိုင်း ပထမဆုံးတကြိမ်မှာ သူတို့က ကြိုက်သွားတယ်။ ကြိုက်သွားတော့ သူတို့ စပွန်စာပေးလိုက်တယ်။ ဒီ Tiger Gym နဲ့ ကျနော့်ကို training free ပေါ့နော် ပေးလိုက်တယ်။ ပေးလိုက်တော့ သူတို့ ကြည့်တယ်၊ နင်က အလားအလာရှိတယ်ဆိုပြီးမှ Thai Fight က ဒီထိုင်းမှာ အကြီးဆုံးပွဲကို၊ သူတို့ ချိတ်ပေးလိုက်မယ်။ Thai fight ချန်ပီယံဖြစ်အောင် လုပ်လို့ရတယ်ပေါ့နော်။ နင် လုပ်နိုင်တယ်ဆိုပြီးတော့ သူတို့က ချိတ်ပေးတာ။ ချိတ်ပေးတဲ့ ပထမတပွဲထိုးတော့ လူတွေတော်တော်များများလည်း ကြိုက်တာ သူတို့တွေ့တော့ ဟိုဒုတိယတပွဲမှာ သူတို့ စာချုပ်ချုပ်ဖို့ တောင်းဆိုလာတယ်။”

“ပြီးတော့ ထိုင်းဘုရင်ရဲ့ အစ်မလား၊ ဆံပင်တိုတိုနဲ့ အမြဲတမ်း တီဗွီမှာပါတဲ့တယောက်လေ၊ အဲဒီတယောက်လည်း သူ ကျနော့်ကို အရမ်းကြိုက်တယ်။ ကြိုက်တော့ သူတို့က ကျနော့်ကို တအားဖြစ်စေချင်တယ်ပေါ့နော်၊ ထိုင်းဘုရင်ရဲ့အစ်မ နင့်ကို ကြိုက်တယ်၊ အဲလိုမျိုးပေါ့နော်။ အခုကျနော့် နာမည်အသစ်ကလည်း ထိုင်းဘုရင် နာမည်ပါတာပေါ့နော်။ ကျနော့်နာမည် သူတို့ ပြောင်းပေးလိုက်ပြီး အခု Thai fight နဲ့ fight တာ။  အခု Thai fight က ပြိုင်ပြီးနောက်ပိုင်း အကျိုးဘာရလဲဆိုတော့ အခုတော့ ဒီရက် ကျနော် Tiger သူဌေးနဲ့တွေ့တယ်။ သူ ကျနော့်အတွက်ကို သူ အကုန်လုံးလိုအပ်တာ  လိုအပ်တာဆိုတာ ငွေရေးကြေးရေး လစာတော့ သူ မပေးနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ရှေ့ဆက်ဖို့ ကျနော့်ဘဝအတွက် ဘယ်လို ကစားသွားမလဲ၊ ဘယ် ပံ့ပို့ပေးသွားမလဲ သူ အကောင်းဆုံး ဘယ်လိုလုပ်ပေးမယ်၊ ပြီးရင် သူက ကျနော့်ကို UFC  - Ultimate Fighting Championship  အထိတောင် မျှော်လင့်ထားတာပေါ့နော်။ အခု မွေထိုင်းတခုထဲကို မကစားပဲနဲ့ အချိန်ရရင် ဒီ MMA ဘက်ကိုလည်း သူက join ခိုင်းတယ်။ UFC အထိ သွားလို့ရအောင် ကူညီပံ့ပိုးပေးမယ်ဆိုပြီး အဲလိုတော့ ပြောတာပေါ့နော်။ ”

မေး။ ထိုင်းမြေပေါ်မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ထိုင်းလက်ဝှေ့မယ်ကို အနိုင်ရခဲ့တဲ့အပေါ် ဘယ်လို ခံစားရပါသလဲ။

ဖြေ။ “ဘယ်လိုခံစားရလဲဆိုရင်တော့ အခုချိန်မှာ မွေထိုင်းကို ကျနော်က နံပါတ် ၁ ဖြစ်ချင်နေတာလေ။ ကျနော် အရမ်းဖြစ်ချင်တယ်။ ပြိုင်ဘက်ကင်းတယောက် ဖြစ်ချင်တဲ့အတွက် အကောင်းဆုံးကြိုးစားမယ်ပဲ စဉ်းစားတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် အကောင်းဆုံးပဲဆိုပြီးတော့ စဉ်းစားပြီး ပြိုင်ပွဲဝင်တာပေါ့နော်။ နိုင်တာ ရှုံးတာ ကျနော် သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျနော် ရှုံးရင်လည်း ကျနော် ဒီပွဲကို ရလဒ်ကောင်းဖို့၊ ကျနော့်လက်ရည်ကို ကျနော် ထုတ်ပြန်နိုင်ဖို့ပဲ ကျနော် စဉ်းစားတယ်။  ဆိုတော့ ဒီပွဲမှာ တကယ် လုံးဝ မထင်ထားဘူး။ အဲလိုမျိုးနိုင်တာကို ကျနော်လည်း တကယ်အရမ်းဝမ်းသာတာပေါ့နော်။ ကိုယ့်ရဲ့လူမျိုးတွေကလည်း ကိုယ့်ကိုလာအားပေးတာကို တွေ့ရတော့ တကယ် အဲဒီပွဲမှာ ကျနော့်အတွက် ရှယ်မိုက်သွားတဲ့ပွဲ ဖြစ်သွားတာပေါ့။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြစ်သွားတယ်ဆိုတော့၊ ပထမဦးဆုံးရတဲ့  knock out ပွဲမှာ စက္ကန့်ပိုင်းပွဲပေါ့ဟုတ်။ ”

မေး။ ဒီလိုမျိုးနိုင်တဲ့အခါကျတော့ သူတို့က ဆုကြေးဘယ်လောက်ရလဲ၊ ဘာတွေ ပေးလဲ၊ ပြောလို့ရရင် ပြောပေးပါ။

ဖြေ။ “ဆုကြေးကတော့ မြန်မာငွေနဲ့ တွက်ရင်တော့ သိန်း ၂၀ ကျော်လောက်ပဲ ရမှာပေါ့။ ကျနော် စထိုးစဆိုတော့လေ။ အခု အဲဒီငွေရေးကြေးရေးကတော့ သိပ်မရဘူး။ ဒါပေမဲ့ ကျနော်က ငွေရေးကြေးရေးပိုင်း စဉ်းစားလိုက်လို့ရှိရင်တော့ သွားတာနဲ့ သွားလာခ အခုချိန်ထိ သူတို့က ဘာစပွန်စာမှ မပေးသေးဘူးလေ။ ဆိုတော့ သွားလာခနဲ့ စားရိတ်နဲ့ ကုန်နေတာပဲ။ နေတာနဲ့ ကုန်နေတာပဲ အဆင်မပြေဘူး။ ဒါပေမဲ့ အခုချိန်မှာ စဉ်းစားတာက ကျနော် နံပါတ် ၁ ရဖို့ပဲ။ ကျနော် ပြိုင်ပွဲထိုးရဖို့၊ နံပါတ် ၁ ရဖို့ပဲ ကျနော် စဉ်းစားတယ်။ ပိုက်ဆံကိစ္စ ကျနော် သိပ်ပြီး မစဉ်းစားဘူးပေါ့နော်။”

မေး။ အခု ဒီပွဲမှာ ဒီလိုမျိုးနိုင်လိုက်တဲ့အပေါ်မှာ ထိုင်းမှာ မွေထိုင်း  နံပါတ် ၁ ရဖို့က ဘယ်လို အလားအလာရှိသွားပြီလဲ။

ဖြေ။ “ ဟုတ်၊ ပြီးခဲ့တဲ့ ကျနော် စပြိုင်တော့ ကျနော့်ကို နံပါတ် ၉၊ နံပါတ် ၈ မှာ သူတို့နေရာထားထား တာပေါ့နော်။ သူတို့ရဲ့ မွေထိုင်း မှတ်တမ်းမှာပေါ့။ အခုချိန်မှာ ကျနော်ကြည့်တော့ နံပါတ် ၂ နေရာမှာ သူတို့က ထားတယ်။ မွေထိုင်းရဲ့ အဖွဲ့တွေက များနေတော့  ကျနော် အဲဒါတွေ အကုန်လုံးတော့ နားမလည်သေးဘူး။”

မေး။ နောက်အခုနက Thai Fight နဲ့ စာချုပ် ၃ နှစ်ချုပ်လိုက်တယ် သိရပါတယ်။ အဲတော့ စာချုပ်အရ ဘာတွေ လုပ်ပေးရမှာလဲ၊  ကိုယ့်အတွက် ဘာအကျိုးရှိမလဲ။

ဖြေ။ “ Thai Fight ကတော့ စာချုပ်ချုပ်လိုက်ပြီ  ၃ နှစ်။ သူတို့  ၃ နှစ်စာချုပ်ချုပ်ထားပေမဲ့ တကယ်လို့ သူတို့ပွဲမရှိတဲ့အချိန်မှာ တခြားပွဲမှာ သွားထိုးလို့ရတယ်။ ဖိအားသိပ်မရှိဘူးလို့သူတို့ ပြောတယ်။ ဒါပေမဲ့ တခုက သူတို့ကို အရင်တိုင်ပင်ပြီးလုပ်ရမှာပေါ့။ အရင်ဆုံး သူတို့ အကြောင်းကြားပေးရမယ်။ အဲဒီတခုပဲ ရှိတယ်။ သိပ်ပြီး ဖိအားမပေးပါဘူး။  သူတို့နဲ့ ချုပ်လိုက်တော့ ဘာအကျိုးရှိလဲဆိုတော့ ကျနော် အခုမချုပ်ရင် ကျနော်ထိုးကြေးက မတက်ဘူး။ ထိုးမတက်တာ တခုပေါ့နော်။ ပြီးတော့ သူတို့နဲ့ချုပ်လိုက်တော့ သူတို့က နောက်ပိုင်း ကျရင်စဉ်းစား ပေးမယ် နေဖို့၊ စားဖို့ သူတို့က ကျနော့်ကို အဲလိုမျိုးပြောလာတယ်။ ပြီးတော့ ကျနော့်ပွဲထိုးတိုင်းမှာ ဘောနပ်ပိုပြီးတော့ ရလာမယ်။ ဘောနပ်အတွက် စဉ်းစားပေးမယ်။  ”

မေး။ ဒါကတော့ သူ့ရဲ့အားသာချက်ပေါ့နော်။ အားနည်းချက်ကောရှိလား ဒီလို စာချုပ်ချုပ်တဲ့ပေါ်မှာပေါ့လေ။

ဖြေ။ “သူတို့ ပြောသလိုကတော့ ဘာတခုမှ မရှိဘူးပေါ့နော်။ အကုန်လုံးကတော့ ကျနော့်ကို အားပေးကြတယ်။ ပြီးတော့ ဒီထိုင်း ကျနော့်ရဲ့ GYM သူဌေးကလည်း အားပေးတယ်။ သူက ဥပမာ ငွေရေးကြေးရေးပိုင်း မပေးနိုင်ရင်တောင်မှ နင့်ကိုလူတော်တယောက်ဖြစ်အောင် ပံ့ပိုးပေးမယ်၊ ပြီးတော့ နင့်နိုင်ငံအတွက် နာမည်ရအောင်၊ နင့်လူမျိုးအတွက် နာမည်ရှိလာအောင် သူ ကြိုးစားပေးမယ်။ သူ အဲဒါတော့ ကျနော့်ကို ပြောတယ်။ ”

မေး။ ညီမက ကယန်းလူမျိုး၊ ပြီးတော့လာတာက မြန်မာပြည်မှာဆိုတော့ ထိုင်းကလပ်မှာ လေ့ကျင့်ပြီးမှ လုပ်ဆောင်နေရတဲ့အခါမှာကကော့ ဘာအခက်အခဲတွေရှိလဲ၊ အဆင်ပြေရဲ့လား။

ဖြေ။ “အဲဒါကတော့ အဆင်ပြေတယ်။ ကျနော်အခက်အခဲရှိတာတခုက ဒီမှာနေရတာ နေစရိတ်၊ စားစရိတ် တော်တော်ဈေးကြီးတာပေါ့နော်။ အဲဒီတခုပဲ ရှိပါတယ်။ ကျန်တာကတော့ သိပ်မရှိဘူး။ ကျနော် စိတ်ညစ်စရာနဲ့ အဆင်မပြေတာကတော့ ကိုယ့်နိုင်ငံသတင်းရယ်၊ ကိုယ့်ရွာသတင်းတွေ ကြည့်ပြီးတော့ စိတ်ညစ်တာ အဲဒါပဲ ရှိတယ်။ ”

မေး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပွဲမှာတော့ တော်တော်များများ အားပေးတာ တွေ့ရတယ်ပေါ့နော်။  နောက်မီဒီယာတော်တော်များများမှာလည်း ဖော်ပြရေးသားတာတွေရှိတယ်။ ဒီလို ဖော်ပြခံရတဲ့အခါမှာ ညီမအနေနဲ့ ဘယ်လိုမျိုးခံစားရလဲ။

ဖြေ။ “ဘာပြောချင်လဲဆိုတော အစကတော့ ကျနော် ပြိုင်ပွဲထိုးတာ ကျနော် ဘယ်သူ့ကိုမှ အသိမပေးချင်ဘူး။ ဒါပေမဲ့ တချို့ပရိသတ်က သိကို သိနေတာ အဲလိုဖြစ်နေတယ်။ ကျနော် ဘယ်သူ့မှကို အသိမပေးချင်ဘူး။ ဒီအချိန်မှာ ကိုယ့်နိုင်ငံလည်း မကောင်းဘူး၊ မသိလို့ရှိရင် စီးပွားရေး သွားလုပ်စားနေသလိုပေါ့နော်။ ဒါပေမဲ့ ကျနော့်မှာ အဲလိုမျိုး စိတ်မရှိဘူး။ နောက်ပိုင်း သူများတွေက ပို့စ်တင်တော့ တယောက်ပြီး တယောက် Share ကြတော့ သိလာတော့ မထူးတော့ပါဘူးဆိုပြီးမှ ကျနော်လည်း page ထောင်လိုက်ပြီးတော့မှ ကျနော် ပွဲရှိလို့ရှိရင် ပွဲနီးခါနည်း တရက် နှစ်ရက်ဆိုရင် ကျနော် ပွဲရှိတယ်နော် အဲလိုမျိုးလောက်ပဲ။ ကျနော်ထင်တာက ကျနော် ဒီကိုရောက်တယ်၊ ကျနော့်ကို အားမပေးကြတော့ဘူးလို့ပဲ ထင်တာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလည်း ဒီလောက်မကောင်းဘူးဆိုတော့ ကိုယ်ကို အပြစ်တင်ကြမှာပဲလို့ ထင်တယ်။ ဒါပေမဲ့ တကယ် ကျနော့်ကို တော်တော်များများ အားပေးလာကြတော့ တကယ်လုံးဝ အရမ်းဝမ်းသာတယ်။ ပြီးတော့လည်း ဒီနိုင်ငံ ဒီလောက်မကောင်းတဲ့ကြားထဲက ကျနော့်ပွဲကို ရအောင်ကြည့်တယ်၊ ဘေလ်လည်း ဒီလောက်ဈေးကြီးတဲ့ကြားထဲ ရအောင်ကြည့်ဖြစ်တဲ့လူတွေအတွက် တကယ် ကျနော် အရမ်းကျေးဇူးတင်တယ်။ ကျနော့်ရဲ ပရိသတ်ကိုလည်း ကျနော် တကယ်လည်း လေးစားတယ်။ သူတို့ကို။”

မေး။ အခုနက UFC အထိ မျှော်မှန်းထားတယ်ဆို‌တော့ ဒီ UFC အထိ ရောက်ဖို့ကကော ဘယ်လောက်ထိ အလားအလာရှိလဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု  ဘယ်လောက်ရှိလဲ။

ဖြေ။ “ကျနော် UFC အထိတော့ စဉ်းတော့ မစဉ်းစားဖူးဘူးပေါ့နော်။ မစဉ်းစားဖူးပေမဲ့ ကျနော် ဖြစ်ချင်တာကတော့ သိတာပေါ့။ ကျနော်လည်း သွားချင်တယ်။ သူများတွေသွားတော့ ကျနော်လည်း ထိုးချင်လိုက်တာ ဆိုတဲ့စိတ်တော့ရှိတယ်။ ဒါပေမဲ့ ကျနော် One Championship အထိလောက်ပဲ သွားမယ်လို့စိတ်ထဲမှာရှိတာပေါ့နော်။ အခုက သူဌေးက UFC အထိ ဖြစ်နိုင်တယ်ဆိုပြီး ပြောတာပေါ့နော်။ ကိုယ်က အခုချိန်မှာ Thai Fight မှာ နံပါတ် ၁ ဖြစ်ချင်တဲ့အတွက် တကယ်လို့ ဒီနံပါတ် ၁ ဖြစ်လာလို့ရှိရင် ခါးပတ်တွေရလာရင် ကိုယ်ပြိုင်လို့ဖြစ်လာရင် UFC လည်း ဖြစ်နိုင်ခြေရှိတယ်။ သူဌေးက အားပေးတော့ ကိုယ်ပိုပြီးစိတ်ဝင်စား၊ ပိုပြီးအားသန်သွားတာပေါ့နော်။ ယုံကြည်မှုတော့ရှိတယ်။ ကျနော် လုပ်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ”

 မေး။ အသက်အရွယ် ဘယ်လောက်ထိ ဒီလက်ဝှေ့လောကမှာ ထိုးသတ်ဖို့ စဉ်းစားထားလဲ။

ဖြေ။ “ဘယ်လိုစဉ်းစားထားလဲဆိုတော့ ကျနော် အသက် ၃၀၊ ၃၂ အထိလောက်တော့ ကျနော် လုပ်နိုင်တယ်လို့ ကျနော် ထင်တယ်။ ကိုယ့်ဘာသာကိုယ်လည်း ယုံကြည်တယ်။ ကျနော် လုပ်နိုင်သေးသလောက်တော့ ကျနော် ဆက်လုပ်ဦးမယ်။ ”

 မေး။ ညီမ ဘယ်အသက်အရွယ်ကတည်းက လက်ဝှေ့စထိုးတာလဲ။

ဖြေ။ “ ကျနော်အခု  ၂၆ ထဲ ဝင်တော့မယ်။  ကျနော် Boxing စထိုးတုန်းက အသက် ၁၆ - ၁၇၊ boxing ထိုးလိုက် နားလိုက်၊ ပြီးတော့ မြန်မာ့ရိုးရာလက်ဝှေ့ဘက်ပြောင်းပြီးတော့မှ အခု နိုင်ငံရေးမကောင်းတော့ မွေထိုင်းကို ပြန်သွားအဲလိုပေါ့။”

မေး။ အခုမိသားစုဝင်ကတော့ အခုလက်ရှိက ယားပြည်နယ်မှာပဲလား။

ဖြေ။ “ဟုတ်၊ မိသားစုက ကယားရှမ်းနယ်စပ်မှာ စစ်ဘေးရှောင်နေရတုန်းပါပဲ။ စစ်ဘေးရှောင် လူတွေအတွက် ဘယ်လို အားပေးစကားပြောချင်လဲဆိုတော့၊ ကျနော်က သူတို့ရဲ့ပုံတွေ တရက် တရက်တက်လာလို့ရှိရင် ကျနော် အမြဲတမ်း မျက်ရည်ကျမိတယ်ပေါ့နော်။ ကျနော်က လက်ဝှေ့သာထိုးနေတာ၊ ဒီလို အဆင်မပြေမှုတွေ တွေ့ရင် ကျနော် မျက်ရည်မခံနိုင်ဘူး။ သူတို့ကို ပြောချင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ အားတင်းထားပါပေါ့နော်။ ကျနော်တို့လည်း တတ်နိုင်သလောက် အကောင်းဆုံး ကျနော် တတ်နိုင်သလောက်တော့ ကျနော် ကြိုးစားပေးသွားမယ်လို့။ ”

မေး။ အနာဂတ်ရည်မှန်းချက်နဲ့ မြန်မာ့လက်ဝှေ့လောက တိုးတက်ဖို့ ဘာတွေ လုပ်သွားချင်တဲ့ ဆန္ဒရှိလဲ။

ဖြေ။ “မြန်မာပိုင်းမှာက ဘယ်လို လုပ်စေချင်လဲဆိုတော့ ပွဲတွေ များများ လုပ်ခိုင်းချင်တယ်။ ကလေးတွေအတွက် ပွဲတွေ များများပေးမယ်။ ပြီးတော့ supporting တွေရှိရင် ပိုကောင်းတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လေ့ကျင့်လာပြီးတော့ supporting မရှိ၊ အားပေးမှုတွေလည်းမရှိ၊ ပွဲတွေလည်း မရှိဘူးဆိုရင်တော့ စိတ်ဓာတ်ကျတယ်။ တော်တော်များများ ပြီးရင်ထိုးရတဲ့ပွဲခါကျတော့လည်း ဆုကြေးငွေနဲ့ မထိုက်တန်ဘူးဆိုရင် အဆင်မပြေဘူး။ တကယ်လို့ ကလေးထိုးရင် သူ့အဆင့်အတန်းနဲ့သူ ဆုကြေးတွေကို ထိုက်တန်အောင်ပေးစေချင်တယ်။  ”

မေး။ မြန်မာပြည်က မျိုးဆက်သစ် အမျိုးသမီးလက်ဝှေ့သမားတွေကောကော၊ အားပေးတဲ့ ပရိသတ်တွေအတွက်ရော ဘာသတင်းစကားပါးချင်လဲ။

ဖြေ။ “မျိုးဆက်သစ်လက်ဝှေ့သမားတွေကို ဘာပြောချင်လဲဆိုတော့ ကျနော်ကတော့ အကောင်းဆုံး ကျနော်က လမ်းပြပေးမယ်။ လမ်းပြပေးမယ်ဆိုတာ ကျနော် အကောင်းဆုံးကြိုးစားပေးမယ်။ တကယ်လို့ ကျနော် တချိန်ချိန်မှာ အောင်မြင်လာရင် ကျနော်ဆွဲခေါ်ဖို့ကတော့ အဆင်သင့်ပဲ။ ကျနော့် မြန်မာလူမျိုးတွေလေ။ တကယ့်ဝါသနာရှိတဲ့လူတွေ၊ တကယ် ဖိုက်တာသမားတွေ ကျနော် ဆွဲခေါ်ဖို့တော့ ကျနော်အဆင်သင့်ပဲ။ ပရိသတ်တွေကို ပြောချင်တာက ဒီလောက်ခက်ခဲနေတဲ့ ကြားထဲက ကျနော့်ကို ရအောင်အားပေးသွားတဲ့ ပရိသတ်တွေကို ကျနော် တကယ်အရမ်းလေးစားတယ်၊ ပြီးတော့လည်း အရမ်းကျေးဇူးတင်တယ်။ ဘေးကင်းကြအောင်လည်း ကျနော် အမြဲတမ်း ဆုတောင်းပေးတယ်လို့။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024