Home
မြန်မာသတင်း
ရုပ်ရှင်ရုံများ နှစ်ဆန်း၁ ရက်ကစပြီး ပြန်လည်ဖွင့်လှစ်ပြသ
DVB
·
April 17, 2022

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ပိတ်ထားခဲ့တဲ့ နိုင်ငံအနှံ့ရှိ ရုပ်ရှင်ရုံတွေထဲက  ရုံပေါင်း ၆၀ ကျော်ကို နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက်မှာ  ပြန်လည်ဖွင့်လှစ်ပြသဖို့ စစ်ကောင်စီက စီစဉ်ထားပါတယ်။ 

ရန်ကုန်မြို့မှာ သမ္မတရုံအပါအဝင်ရုပ်ရှင်တွေ ဒီကနေ့ပြသဖို့ကြော်ငြာထားသလို   မန္တလေးမြို့မှာ ရုပ်ရှင်ရုံ ၁၀ ရုံ ပြန်လည်ဖွင့်လှစ်ပြသသွားမယ်လို့  မန္တလေးရုပ်ရှင်ရုံ ဝန်ထမ်းတယောက်ထံက သိရပါတယ်။

မန္တလေးတိုင်းမှာတော့ ဝင်းလိုက်အဆင့်မြင့်ရုပ်ရှင်ရုံ၊ မြို့မအဆင့်မြင့်ရုပ်ရှင်ရုံ၊ မင်္ဂလာရာမအဆင့်မြင့် ရုပ်ရှင်ရုံ၊ မင်္ဂလာစီနီမာရုပ်ရှင်ရုံ ၊JC-JV Cinema၊ ညောင်ဦး Cinema၊ ပြည်ကြီးတခွန်ပါရာဒစ်ဆို၊ အောင်မြေသာဇံပါရာဒစ်ဆို၊ နန်းရှေ့ပါရာဒစ်ဆိုနဲ့ မိတ္ထိလာမြို့က ရုပ်ရှင်ရုံတွေဖြစ်ပြီး၊ မန္တလေးမြို့ပေါ် ၈ ရုံနဲ့ မိတ္ထီလာနဲ့ ညောင်ဦး ၂ ရုံ စုစုပေါင်း ၁၀ ရုံပြသသွားမှာ ဖြစ်ပါတယ်။

ပြသမယ့် ဇာတ်ကားကတော့၊ လူမင်း ၊ နေမင်းနဲ့ ရွှေမှုံရတီတို့ သရုပ်ဆောင်ထားတဲ့ “ဝေးမနေချင်ဘူး” ဇာတ်ကားဖြစ်ပါတယ်။ ၊  လောလောဆယ် ပါရာဒစ်ဆိုရုံတရုံက လွဲလို့ တခြားရုံအားလုံးမှာတနေ့ကို ၃ ပွဲပြသသွားမှာဖြစ်တယ်လို့ မန္တလေးမြို့က ရုပ်ရှင်ရုံတရုံက မန်နေဂျာတယောက်က ပြောပါတယ်။

နှစ်ဆန်း ၁ ရက်နေ့မှာပဲ နိုင်ငံတဝန်း  ရုံ ၆၀ လောက်မှာ စတင်ဖွင့်လှစ်ပြသဖို့ စီစဉ်ထားတာဖြစ်ပြီး   ဝေးမနေချင်ဘူး၊ လိပ်ပြာထောင်ခြောက်၊ အမှောင်တိုက်၊ ရွာဆော်၊ အချိုဆုံးအချစ်အပြင်းဆုံးမေတ္တာ၊ ကမောက်ကမသမီးယောက်ခမစတဲ့ ဇာတ်ကား ၆ ကားကို ပြသဖို့  စစ်ကောင်စီခန့်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ဘေးနဲ့အတူ ရုပ်ရှင်၊ ဂီတ အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတဲ့အပြင် အာဏာသိမ်းကာလ တနှစ်ကျော်အတွင်းမှာလည်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အနုပညာကဏ္ဍတွေ အသီးသီးမှာလည်း အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အခုအချိန်မှာ ပြည်သူတွေ စီးပွားရေးကျပ်တည်းပြီး နိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်၊ ရွာမီးရှို့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာ တဖက်မှာ နိုင်ငံတဝန်းမှာ ပုံမှန်အခြေအနေပြန်ဖြစ်နေပြီဆိုတာ ပြသချင်လို့ စစ်ကောင်စီက ရုပ်ရှင်ရုံတွေပြန်ဖွင့် လှစ်တာဖြစ်တဲ့အတွက် ရုပ်ရှင်သွားမကြည့်ကြဖို့  ဆော်ဩမှုတွေလည်းရရှိနေပါတယ်။  

ရုပ်ရှင်ပရိသတ်တဦးကတော့ “သွားကြည့်ရဲတဲ့သူ ကြည့်လေ၊ ကြည့်ကြလေ။ နေ့နေ့ညည မလုံခြုံမှုတွေ၊ အဆင်မပြေမှုတွေကြား နေရတဲ့ထဲမှာ စိတ်ချလက်ချ ပျော်ရွှင်နေနိုင်ကြမယ်တဲ့လား။ ငါတို့နိုင်ငံမှာ ဘာတွေဖြစ်နေသလဲ။ ဘာတွေလုပ်ဖို့ လိုနေသလဲ။ ဘာကအရေးကြီးလဲ။ အရေးမကြီးဘူးလဲဆိုတဲ့ ပြည်သူတွေတွေးတဲ့ အတွေးက ဒီအခြေအနေပေါ် ထင်ဟပ်နေမှာပဲ” လို့ ပြောပါတယ်။

ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်ပြသနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကို ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမကို ဖိတ်ခေါ်ပြီး ရုံတင်ဖို့ ကျန်ရှိတဲ့ ဇာတ်ကားတွေကို ပြသဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်လို့လည်း အနုပညာအသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။  မပြသတဲ့ ရုံတွေ ပိတ်သိမ်းခံရမယ်လို့ ခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

ရုံတင်ပြသဖို့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူတွေ၊ ဒါရိုက်တာတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရသူတွေလည်း ရှိနေတဲ့အတွက် သူတို့ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလွဲလို့ ကျန်တာကို အရင်ပြသကြဖို့၊ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သူတွေ ပါဝင်တဲ့ ဇာတ်ကားတွေကိုလည်း ပြသနိုင်အောင် ပြန်လည်စိစစ်ပေးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒီနောက်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြလို့ ဖမ်းဆီးခံရတဲ့ နာမည်ကျော် အနုပညာရှင်တွေထဲက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024