မြန်မာ့လေကြောင်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းပြီ
DVB
·
March 6, 2014
ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စီးပွားရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာ့လေကြောင်းကို ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံတော် ဘဏ္ဍာငွေနဲ့ ကျခံဆောင်ရွက်ခြင်း မပြုတော့ဘဲ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ဆောင်ရွက်ရတဲ့ ကော်ပိုရေးရှင်းအသွင် ပြောင်းလဲ လုပ်ကိုင်နေပြီ လို့ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောပါတယ်။
မတ် ၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကော်ပိုရေးရှင်း အသွင်ပြောင်းလိုက်တာနဲ့ ပတ်သက်ပြီး လိုက်နာဖို့ လိုတဲ့ “လေကြောင်းဥပဒေမူကြမ်း” တင်သွင်းချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံလိုက်ပြီး ဆက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တချို့ နိုင်ငံပိုင်လုပ်ငန်းတွေကို ကိုယ့်ဘာသာကိုယ် ရပ်တည်တဲ့ ကော်ပိုရေးရှင်း အသွင်ပြောင်းရာမှာ မြန်မာ့လေကြောင်း အပြင်၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းလည်း ပါဝင်ကြောင်း သိရပါတယ်။